top of page

About

THIHA

IMG_7143.JPG
Name.png

Mingalarbar!

I'm Thiha from Myanmar who aspires to travel around the world and learn as much as possible. I share my travel stories here supported by beautiful photos, videos and more. I love travelling to enquire, to hear local stories, to enjoy the nature and of-cause to have fun.

Follow

THIHA

brush1.png
TikTokbrush.png
brush4.png
youtubebrush.png
Subscribe

နေ့စဉ် ပြည်တွင်းပြည်ပ ခရီးသွားသတင်းထူးများအပါအဝင် ခရီးစဉ်လည်ပတ်စရာများအကြောင်းတွေ နဲ့ ဒေသန္တရ ဗဟုသုတအစုံအလင် သိရှိနိုင်ဖို့ အပတ်စဉ်သတင်းလွှာ လေးကို ခုပဲ ရယူလိုက်ပါ။ စာရင်းသွင်းသူများအတွက် ကျွန်တော့်ရဲ့ ပထမဆုံး ပုံနှိပ်စာအုပ် "၁၇" ကဗျာနဲ့ဝတ္ထုတိုစာအုပ်ကို လက်ဆောင် ပေးပို့သွားမှာ ဖြစ်တဲ့အပြင် သတင်းလွှာကနေတဆင့် အခမဲ့ခရီးသွားခြင်းအစီအစဉ်တွေ၊ ခရီးသွားလက်ဆောင်တွေ စတဲ့ ထူးခြားအခွင့်အရေးတွေလည်း သိရှိနိုင်ဦးမှာပါ။

ခုပဲ အမည် နဲ့ အီးမေးလ်လိပ်စာထည့်ပြီး စာရင်းသွားလိုက်နိုင်ပါပြီ။

Thanks for submitting!

သမ္မာကျမ်းစာ ထဲ ခရီးသွားခြင်း (၁၂) | ပညတ်တော် (၁၀) ပါး ကျောက်စာချပ် ရယူရာ ဆိုင်းနိုင်းတောင်

  • Writer: Thiha Lu Lin
    Thiha Lu Lin
  • Oct 17, 2021
  • 3 min read

အပတ်စဉ် တနင်္ဂနွေနေ့တိုင်း တင်ဆက်ပေးနေတဲ့ “သမ္မာကျမ်းစာ ထဲ ခရီးသွားခြင်း” အခန်းဆက် အကြောင်းအရာလေးကနေ ဒီနေ့မှာတော့ ဆိုင်းနိုင်းတောင် အကြောင်းလေး ကို ပြောပြပေးချင်ပါတယ်။ ခရစ်ယာန်ဘုရားဖူးခရီးစဉ်မှာ ဆိုင်းနိုင်းတောင် တက်ခြင်း ကို မပါမဖြစ်အနေနဲ့ ထည့်သွင်းပေးကြပါတယ်။ ခရီးစဉ်တစ်လျှောက်လုံးမှာ အပင်ပန်းဆုံး လည်း ဖြစ်ပါတယ်။ ညဘက်ကြီး တောင်တက်တောင်ဆင်းလုပ်ကြရတဲ့အတွက် သက်လုံကလည်း အရေးပါလို့ပါ။ တကယ်လို့ မတက်နိုင်ခဲ့ရင် အတက်အဆင်းကို ကုလားအုတ် စီးပြီး တက်လို့ဆင်းလို့ရပါတယ်။ ကျွန်တော်တို့တုန်းကတော့ ကုလားအုတ်စီး တက်ပြီး အပြန်ကို ခြေလျင်ပြန်ဆင်းခဲ့ကြတာပါ။ ခရီးသွားအများစုကတော့ ဆိုင်းနိုင်းတောင်ပေါ်မှာ မနက်နေထွက်ချိန်ကို ခံစားတတ်ကြပါတယ်။ ဆိုင်းနိုင်းကျွန်းဆွယ်ဒေသကို နိုင်ငံတကာကတော့ သတိကြီးစွာခရီးသွားရတဲ့ဒေသအဖြစ် သတိပေးထားပါတယ်။ အစွန်းရောက်တွေရဲ့ တိုက်ခိုက်မှုတွေအများဆုံး ရှိနေတဲ့အတွက်ပါ။ မြောက်ပိုင်းကတော့ အခြေအနေအတော်ဆိုးရွားပြီး တောင်ပိုင်းကတော့ လုံခြုံမှုရှိတယ်လို့ သတ်မှတ်ပြန်ပါတယ်။ ဒါပေမဲ့လည်း သတိထားကြပါဆိုပြီး နှိုးဆော်တာကို တွေ့မြင်ကြရပါတယ်။


ဆိုင်းနိုင်းတောင်

အရင်ရှေ့အပိုင်းမှာတုန်းက ကျွန်တော့်ရဲ့ လေ့လာမှု အားနည်းချက်ကြောင့် ဆိုင်းနိုင်းတောင်ကို ဟောရပ်တောင် လို့ ‌ရေးခဲ့တာ တစ်ယောက်က သိနတောင်လို့ ပြန်ပြောလို့ ကျွန်တော်လည်း ကိုယ်ရေးတာ မှားတယ် ထင်ပြီး ပြန်ပြင်မိခဲ့တယ်။ တကယ်တော့ ဆိုင်းနိုင်းတောင် ဟာ ဧလိယ ရဲ့ ဟောရပ်တောင် လည်း ဖြစ်သလို၊ သိနတောင် (သိနာတောင်) လည်း ဖြစ်ပါတယ်။ နာမည်ကွဲပေမဲ့ အတူတူပဲ လို့ သိရပါတယ်။ ဒါ့အပြင် ဘုရားသခင် ၏ တောင် လို့လည်း ကျမ်းစာထဲမှာ ဖော်ပြတာကို ထပ်တွေ့ရပြန်ပါတယ်။ ဒါ့ကြောင့် ဆိုင်းနိုင်းတောင် လို့ ပြောရင် သမ္မာကျမ်းစာ ထဲမှာ ဟောရပ်တောင်၊ သိနတောင် (သိနာတောင်)၊ ဘုရားသခင်၏တောင် ဆိုတဲ့ အမည်နာမတွေနဲ့ တွဲဖက် မှတ်သားကြရပါတယ်။


အီဂျစ်နိုင်ငံ မှာ ရှိတဲ့ ဆိုင်းနိုင်းတောင် ဟာ ထူးခြားတဲ့ မြေမျက်နှာသွင်ပြင် ဖွဲ့စည်းမှုရှိပါတယ်။ တောင်ရဲ့ တည်နေရာဟာ ကျွန်းဆွယ်မှာ ဖြစ်နေပြီး ကန္တာရအသွင်အပြင်နဲ့အတူ အရောင်စုံတဲ့ ကျောက်သားဖွဲ့စည်းမှုတွေကို မြင်တွေ့ကြရမှာမျိုးပါ။ အကြောင်းရင်းကတော့ ဆိုင်းနိုင်းတောင် ဟာ အာရှတိုက် နဲ့ အာဖရိကတိုက် တိုက်ကြီး နှစ်တိုက် ရဲ့ ဆုံချက်နေရာ ဖြစ်နေလို့ပါပဲ။ ဆိုင်းနိုင်းတောင် ဟာ ပေပေါင်း ၇၄၉၇ ပေ မြင့်မားပြီး ဆိုင်းနိုင်းကျွန်းဆွယ် ဒေသ က စိန့်ကက်သရင်းမြို့ဝန်းကျင်က တောင်တွေထဲမှာ အတော်အတန်မြင့်မားတဲ့ တောင်လို့ ဆိုနိုင်ပါတယ်။ ဘေးမှာ ကက်သရင်းတောင် အပါအဝင် သူ့ထက်မြင့်တဲ့တောင်တချို့လည်း ရှိသေးပြီး ကက်သရင်းတောင် ကတော့ အီဂျစ်ရဲ့အမြင့်ဆုံးတောင်လို့ ဆိုနိုင်ပါတယ်။ ပေပေါင်း ၈၆၂၅ ပေမြင့်လို့ပါ။


ခရီးသွားတွေဟာ ဒီတောင်ပေါ် ကို နေထွက်ချိန်ကြည့်ဖို့ တက်ရောက်ကြတာများတဲ့အတွက် ညနက်ပိုင်း တောင်တက်သူတွေ အရမ်းများပါတယ်။ နေ့ခင်းအပူရှိန်ကြောင့်လည်း ညပိုင်းတောင်တက်ကြတာလို့ သိမှတ်ရပါသေးတယ်။


နောက်ခံသမိုင်းအကြောင်းအရာ

ဒီ ဆိုင်းနိုင်းတောင် ကို ခရစ်ယာန်ဘုရားဖူးခရီးသွားတွေ အဓိက သွားရောက်လေ့လာချင်ရတဲ့ အဓိက အကြောင်းကတော့ အဲဂုတ္တုပြည် လို့ သမ္မာကျမ်းစာထဲ ဘာသာပြန်ဆိုထားတဲ့ အီဂျစ်ပြည် ကနေ မိုးဇက် (မောရှေ) ဟာ သူ့လူမျိုးတွေဖြစ် ဂျူး (ဣသရေလ) တွေကို အညှင်းပန်းခံ ကျွန်အဖြစ်ကနေ လွတ်မြောက်အောင် ဘုရားသခင် ရဲ့ အစီအစဉ်နဲ့ ကတိထားတော်မူရာ ပြည်ဆီကို သွားရောက်ဖို့ ကယ်ထုတ်ခဲ့ချိန် ဒီအရပ် (ဟောရပ်အရပ်) အရောက်မှာ ဆိုင်းနိုင်းတောင် ပေါ်ကို တက်လို့ ဘုရားသခင် လက်နဲ့ရေးပေးတော်မူတဲ့ ပညတ်တော် (၁၀) ပါး ကျောက်စာချပ် နှစ်ချပ် ကို ယူဆောင်ခဲ့ပါတယ်။

“ထိုသို့ ဘုရားသခင် သည် သိနာတောင်ပေါ်မှာ မောရှေနှင့် နှုတ်ဆက်တော်မူသည် အဆုံး၌ လက်ညှိုးတော်နှင့် အက္ခရာတင်သော သက်သေခံချက် ကျောက်ပြားနှစ်ပြား ကို ပေးတော်မူ၏။” (ထွက်မြောက်ရာ ၃၁:၁၈)

ပညတ်တော် (၁၀) ပါး ပါ ပညတ်ချက်တွေဟာ ယနေ့တိုင် ယုံကြည်သက်ဝင်သူတွေလည်း လိုက်နာ စောင့်ထိန်းကြရသလို၊ အချို့အချက်တွေဟာ လူမှုဆက်ဆံရေးနယ်ပယ်မှာလည်း အထူးအလေးထား လိုက်နာစောင့်ရှောက်ရတဲ့ အချက်တွေအဖြစ် ရှိနေပါတယ်။ ဥပမာ - မိဘကို ရိုသေစွာပြုလော့။ လူ့အသက်ကို မသတ်နှင့်။ သူ့မယားကို မပြစ်မှားနှင့်။ သူ့ဥစ္စာကို မခိုးနှင့်။ မမှန်သောသက်သေကို မခံနှင့်။ တပ်မက်လိုချင်သောစိတ်မရှိစေနှင့်။ စတဲ့ ပညတ်ချက်တွေဟာ လူ့ဘောင်လူ့လောက မှာ လူတွေ လိုက်နာစောင့်ထိန်းကြရတဲ့ ပညတ်တရားတွေဖြစ်ပါတယ်။ အခြားသော ဘာသာများရဲ့ အဆုံးအမများနဲ့လည်း တူညီပါတယ်။


မိုးဇက် (မောရှေ) ဟာ ဆိုင်းနိုင်းတောင်ပေါ်မှာ ရက်အတော်ကြာ ဘုရားသခင် နဲ့ အချိန်ယူပြီးမှာ တောင်ခြေကို ပြန်ဆင်းလာခဲ့တာမို့ တောင်ခြေမှာ သူ့လူတွေရဲ့ ဖောက်ပြန်ပျက်စီးနေမှုကို မြင်တွေ့တဲ့အခါ အတော်လေးစိတ်ဆိုးပြီး ဘုရားသခင် ရေးပေးလိုက်တဲ့ ကျောက်ပြားနှစ်ချပ် ကို အပိုင်းပိုင်း ခွဲခဲ့ပါတယ်။ ဒီနေရာမှာ အရှေ့အပိုင်းတွေ ဖတ်ထားသူတချို့က မေးခွန်း မေးစရာ ရှိလာပါတယ်။ ပဋိညာန်သေတ္တာထဲမှာ ပညတ်တော် (၁၀) ပါး ကျောက်ပြားတွေ ကို ထည့်သိမ်းထားတယ်ဆို အခု မောရှေက ခွဲလိုက်တယ် မဟုတ်လား ပေါ့။ ဒီလိုပါ ဘုရားသခင် က နောက်ပိုင်းမှာ နောက်ထပ် ကျောက်ပြား ၂ ချပ် အစားထိုးပြီး ပြန်ရေးပေးခဲ့လို့ ဖြစ်ပါတယ်။

“တစ်ဖန် ထာဝရဘုရား က၊ အရင်ကျောက်ပြား နှစ်ပြားနှင့်တူအောင် ကျောက်ပြားနှစ်ပြားကို ခုတ်လော့။ သင်ချိုးဖဲ့သော အရင်ကျောက်ပြား၌ စကားပါသည်အတိုင်း နောက်ကျောက်ပြားပေါ်မှာ ငါရေးထားမည်။” (ထွက်မြောက်ရာ ၃၄:၁)


ဆိုင်းနိုင်းတောင် တက်ခြင်း

ကျွန်တော်တို့ အဖွဲ့တွေ ဆိုင်းနိုင်းတောင် ကို ညဘက် ၁၂ နာရီလောက် တက်ခဲ့ကြပါတယ်။ တည်းခိုတဲ့ ဟိုတယ်က စိန့်ကက်သရင်းမြို့မှာ ဖြစ်ပြီး လိုအပ်တဲ့ အသုံးအဆောင်တချို့ (အထူးသဖြင့် အနွေးထည်၊ ဓါတ်မီး) တို့ကို ယူပြီး ဝယ်ပြီး ဟိုတယ်မှာ ခဏ အနားယူလို့ ထွက်ခဲ့ကြပါတယ်။ အချို့ခရီးသွားတွေကတော့ တောင်တက် တောင်ဆင်း အားလုံးကို ခြေလျင်ပဲ သွားကြတာပါ။ ကျွန်တော်တို့ကတော့ အမျိုးသမီး လူကြီးပိုင်း များတာကြောင့်ရော၊ ကုလားအုတ်စီး အတွေ့အကြုံယူချင်တာကြောင့်ရော ကုလားအုတ်တွေကိုယ်စီနဲ့ တောင်တက်ခဲ့ကြပါတယ်။ ကုလားအုတ်တွေကို ၂ ကောင် ၃ ကောင် တစ်ယောက်တည်း ကြိုးဆွဲထိန်းတာမျိုး မို့ အသည်းတော့ ယားစရာပါပဲ။ ပြီးတော့ ညဘက်တက်တာဖြစ်တာမို့ရော၊ ကျောက်ခဲများတဲ့ လမ်းဖြစ်တာကြောင့်ရော စိုးရိမ်စိတ်ကတော့ ရှိပါတယ်။ အချိန်လည်း ယူပါတယ်။ ဘေးက လမ်းလျှောက်လိုက်တဲ့ ကုလားအုတ်ထိန်း ကိုတော့ အတော်လေး ချီးကျူးပါတယ်။ အေးအေးဆေးဆေးပဲ။ ကျွန်တော်တို့မှာတော့ အိပ်ငိုက်ချိန်တောင် မရဘူး။ အတင်းဆွဲကိုင်ထားရတယ်။ လမ်းတချို့နေရာတွေက ကျဉ်းတယ်။ မီးမရှိ လရောင်လေးနဲ့ပဲ တက်ကြရတာ။ ဓါတ်မီးက ကုလားအုတ်တွေကို ထိုးမိရင် သူတို့က လန့်တတ်လို့ တားမြစ်ထားသေးတယ်။ ရာသီဥတုကလည်း ညနက်လေ ပိုအေးစိမ့်လာလေ။ ကျွန်တော်ခြုံဖို့ဝယ်လာတဲ့စောင်ကတောင် အအေးဒဏ်ကို မကာကွယ်ပေးနိုင်လို့ အတော်ကို ချမ်းအေးစိမ့်နေတာကြီးကို ခံစားခဲ့ရတယ်။ စိတ်ထင်လို့ပဲလား မသိဘူး တော်တော်ကြာကြာတက်လိုက်ရသလိုပါပဲ။ နောက်မှ မြေပုံတွေပြန်ကြည့်တော့ ထင်သလောက်တော့ လမ်းခရီးက မရှည်သလိုပါဘဲ။ လမ်းတလျှောက်တချို့နေရာလေးတွေမှာ ဆိုင်လေးတွေ ရှိတယ်။ ကော်ဖီသောက် မုန့်စား အနားယူလို့ရတယ်။ အတက်မှာတော့ မနားတော့ဘဲ တောက်လျောက် ကုလားအုတ်နဲ့ တက်လို့ရတဲ့နေရာအထိ တက်ခဲ့ကြပါတယ်။ ကုလားအုတ်တွေ တက်မရတော့တဲ့နေရာမှာ ဆိုင်လေးတွေရှိတယ်။ အဲ့ဒီဆိုင်လေးတွေမှာပဲ ခဏနား ကော်ဖီသောက်ပြီး တက်နိုင်တဲ့သူတွေက ဆက်တက်ကြတယ်။ မတက်နိုင်သူတွေက နေခဲ့ကြတယ်။ ဘာလို့လဲဆိုတော့ တောင်ထိပ်ရောက်ဖို့က ခရီးတစ်ဝက် ကျန်သေးလို့လေ။ ဆိုင်းနိုင်းတောင်ထိပ်မှာတော့ ဘုရားကျောင်းလေး နဲ့ ဗလီကျောင်းလေး နှစ်ကျောင်း ကို တွေ့ကြရပါတယ်။ ဒီနေရာဟာလည်း အငြင်းပွားရာနေရာတစ်ခုဖြစ်လို့ပါပဲ။ ကျွန်တော်တို့ကတော့ မနက် နေထွက်ချိန်ကို မကြည့်ခဲ့ရပါဘူး။ အကြောင်းပြချက်က ဘာလဲတော့ ကျွန်တော်လည်း မမှတ်မိဘူး။ အစကတည်းကပဲ နေထွက်ချိန်ကြည့်တဲ့ အစီအစဉ်မပါတာလည်း ဖြစ်နိုင်ပါတယ်။ သက်ကြွယ်သူများတဲ့ ဒီခရီးမှာ တောင်ခြေကို အမြန်ပြန်ဆင်းပြီး ဟိုတယ်မှာ အနားယူချင်ကြသူ ပိုများနေလို့လည်း ဖြစ်နိုင်ပါတယ်။ ပြန်အဆင်းမှာတော့ ခြေလျင်ဆင်းကြရတာမို့ သက်ကြွယ်သူ အလေ့အကျင့်နည်းသူတွေ အတော် ဒုက္ခများခဲ့ကြပါတယ်။ ကျွန်တော်လည်း ဖေးမတွဲခေါ်ပေးပြီး ကူညီခဲ့ရတယ်။ ဒါကြောင့် ခရီးက ထင်သလောက် မပေါက်ဘူး။ ခဏခဏ နားလိုက် လျှောက်လိုက် ဖြစ်နေကြတယ်။ ဆိုင်လေးတွေမှာ နားရရင်တော့ အတော်လေး အဆင်ပြေတယ်။ အေးစိမ့်နေတာတွေလည်း သက်သာသွားရလို့လေ။ အဆင်းမှာ တစ်ခုဆိုးတာက ကျွန်တော်တို့က သူများ တက်ချိန်မှ ပြန်ဆင်းရသလို ဖြစ်တော့ တစ်လမ်းလုံး ကုလားအုတ်တွေကို ရှောင်ရတာက အလုပ်တစ်ခု ဖြစ်လာတယ်။ ဓါတ်မီးနဲ့ ထိုးရင်လည်း မကြိုက်၊ မြင်လည်း မမြင်ရ၊ ရုတ်တရက် အကောင်ကြီးတွေ ဘွားခနဲပေါ်လာရင် လန့်ရနဲ့ သွားကြရတာပါပဲ။ မနက် ၄ နာရီလောက်မှာတော့ တောင်ခြေကနေ ဟိုတယ်ကို ပြန်ရောက်ပြီး ခဏ အနားယူခွင့်ရကြတယ်။ ခဏ အိပ်ပေါ့။ ပြီးတာနဲ့ မနက် ၉ နာရီမှာ ပြန်ထွက်ကြပြီး ဆိုင်းနိုင်းတောင်ခြေက စိန့်ကက်သရင်းဘုရားကျောင်းကို လေ့လာဖို့ သွားခဲ့ကြတယ်။


ဆိုင်းနိုင်းတောင်ခြေက စိန့်ကက်သရင်းဘုရားကျောင်း (The Monastery of Saint Catherine)

ဆိုင်းနိုင်းတောင်ခြေ မှာ ကျွန်တော်တို့ မြင်တွေ့ခဲ့ရတာကတော့ ဂရိ အော်သိုဒေါ့စ် ကက်သလစ် ဘုန်းတော်ကြီးကျောင်း (Greek Orthodox Monastery) ပဲ ဖြစ်ပါတယ်။ ဒီနေရာမှာ မိုးဇက် (မောရှေ) ဟာ ဘုရားသခင် က သူ့ကို ခြုံမီးလောင်စေပြီး စကားပြောမိန့်ကြားရာ နေရာဖြစ်တယ်လို့ ဆိုပါတယ်။ မီးလောင်ပေမဲ့ မီးတောက်မီးလျှံသာ မြင်ရပြီး ခြုံဟာ မီးစွဲခြင်း မရှိဘူး လို့ ဖော်ပြပါတယ်။ ထွက်မြောက်ရာကျမ်း ၃:၁-၅ မှာ လေ့လာဖတ်ရှုနိုင်ပါတယ်။ ရဲတိုက်ကြီးသဖွယ် ခိုင်ခံ့ကြီးမားလှတဲ့ ဒီဘုန်းတော်ကြီးကျောင်း ကိုတော့ ၆ ရာစုတုန်းက ဘုရင်ကြီး Justinian က တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။ အတွင်းမှာတော့ ရှေးခေတ်အဆောက်အအုံတွေနဲ့ အပြင်အဆင်တွေကို မြင်တွေ့လေ့လာကြရပြီး စာကြည့်တိုက်မှာတော့ ရှားပါးအမှတ်အသားတွေကို သိမ်းဆည်းထားတာ မြင်တွေ့ရပါလိမ့်မယ်။ ဘုရားကျောင်းကြီးနဲ့ မနီးမဝေးမှာ ဆိုင်ခန်းတွေရှိပြီး အမှတ်တရပစ္စည်းတွေ၊ စားသောက်စရာတွေ ဝယ်ယူနိုင်ကြပါတယ်။ မီးစွဲလောင်ခြင်းမရှိဘဲ မီးတောက်မီးလျှံပဲ မြင်တွေ့ရတယ်ဆိုတဲ့ ခြုံမျိုးကို ခုထိတိုင် လေ့လာတွေ့ရှိနိုင်ပါတယ်။ ဘုရားကျောင်းဝန်းကြီးဟာ ကြီးမားပြီး လမ်းလေးတွေက ချစ်စရာ၊ အဆောက်အအုံတွေက ရှေးခေတ်အနေအထားတွေနဲ့ သဘောကျစရာ ဖြစ်နေပါတယ်။ ခရီးသွားဧည့်သည်များချိန်မှာတော့ နည်းနည်းကြပ်တယ်လို့ ခံစားရပါတယ်။ လမ်းသေးသေး ကျဉ်းကျဉ်းလေးတွေမို့ပါ။ ခေါင်းလောင်းစဉ်ကြီးတစ်ခုကိုလည်း တွေ့မြင်ရပါသေးတယ်။ အပြင်ကကြည့်ရင် မြင့်မားလွန်းတဲ့ တံတိုင်းကြီးပဲ မြင်တွေ့ရလို့ ရုတ်တရက်ဆို ထောင်ကြီး လား ထင်ရပါတယ်။ ဝင်ပေါက်လေးကလည်း သေးသေးလေး။ အထဲရောက်မှာ ဥရောပနိုင်ငံတစ်ခုခုကို ရောက်သွားသလိုလေး ခံစားရစေပါတယ်။


ဆိုင်းနိုင်းတောင် ဝန်းကျင်ဟာ စိတ်ဝင်စားစရာ မြေမျက်နှာသွင်ပြင်ရယ်၊ ဘာသာရေးနောက်ခံ အကြောင်းအရာတွေရယ် ပေါင်းစပ်ပြီး ခရီးသွားတွေကို ဆွဲဆောင်နေတဲ့နေရာ ဖြစ်ပါတယ်။ ကျွန်းဆွယ်လေး ဖြစ်နေပြီး ဒီကနေ အီဂျစ်နိုင်ငံ ရဲ့ မြို့တော် ဆီကိုလည်း သိပ်မဝေးလှတော့ပါဘူး။ ကားကြီးနဲ့ နေ့တစ်ပိုင်းခရီးလောက် အချိန်ပေးရင် ရောက်နိုင်ပါပြီ။ အာရှတိုက် နဲ့ အာဖရိကတိုက် တွေရဲ့ ဆုံချက်နေရာဖြစ်တဲ့ ထူးခြားတဲ့ ဒီနေရာဟာ သမ္မာကျမ်းစာထဲမှာလည်း ထူးခြားအရေးပါတဲ့ တစ်နေရာ ဖြစ်နေတာမို့ ဒီအပတ်တော့ ဒီအကြောင်းအရာလေး ရွေးနုတ်တင်ဆက်ပေးလိုက်ပါတယ်ခင်ဗျ။


အားလုံးပဲ ကပ်ဆိုးကြီးများဘေးမှ ကင်းဝေးကြပါစေ။

သီဟလုလင် (Thiha, the Traveller)


ယခု ခရီးသွားဆောင်းပါးအား Share လုပ်နိုင်ပါသည်။ ကျွန်တော်၏ တိုက်ရိုက် ခွင့်ပြုချက်မရှိဘဲ၊ ဤဆောင်းပါးစာ နဲ့ ဓါတ်ပုံများကို မိမိ အကောင့်မှာဖြစ်စေ၊ ပေ့ချ်တစ်ခုခုမှာဖြစ်စေ၊ Website နဲ့ အခြားမီဒီယာတစ်ခုခုမှာဖြစ်စေ ပြန်လည် ကူးယူဖော်ပြခြင်းများ မပြုပါရန် မေတ္တာရပ်ခံပါတယ်။ ပြန်လည် ကူးယူဖော်ပြခြင်းများကိုတော့ လုံးဝ ခွင့်မပြုပါ။


Photo :: Thiha Lu Lin

Camera :: SONY Alpha 7II with 85mm Lens, Samsung Galaxy S9+

Photos are modified in Lightroom by Thiha Lu Lin.

Comments


Thiha, the traveller logo

Thiha, The Traveller

Travel & Lifestyle Blog

  • Facebook
  • Instagram
  • YouTube
  • TikTok
  • Twitter
  • Spotify
  • Pinterest
  • RSS

TIPS & INSPIRATION

Get Inspired! Receive travel discounts, the secrets and tips that you need to get to know the most impressive places in the world.

သတင်းလွှာ ရယူဖို့ ဖောင်ဖြည့်နိုင်ပါတယ်။ ပြည်တွင်းပြည်ပ ခရီးစဉ်များ နေ့စဉ်တင်ဆက်မှုအသစ်တွေ အပါအဝင် ကံစမ်းမဲလက်ဆောင်များ၊ ခရီးစဉ်လျှော့ဈေးများ စတဲ့ စတဲ့ အခွင့်အရေးများစွာကို ရယူခံစားနိုင်မှာ ဖြစ်ပါတယ်ခင်ဗျာ။

Copyright © 2024 Idea Landmark Myanmar | Thiha, the Traveller - All Right Reserved.

I may earn commission (at no extra cost to you) from some affiliate links if you choose to purchase through them. (Learn more)

bottom of page