ဒီတစ်ပတ် တနင်္ဂနွေ “သမ္မာကျမ်းစာ ထဲ ခရီးသွားခြင်း” မှာတော့ ဇိအုန်တောင်စောင်းမှာ ရှိနေတဲ့ စိန့်ပီတာဘုရားကျောင်း အကြောင်းလေးကို ပြောပြပေးချင်ပါတယ်။ ဒီ ဘုရားကျောင်း ရဲ့ နာမည်အပြည့်အစုံကတော့ The Church of Saint Peter in Gallicantu ပဲ ဖြစ်ပါတယ်။ Gallicantu ဆိုတာကတော့ လက်တင်စကားဖြစ်ပြီး ကြက်တွန်သံ လို့ ဆိုလိုတာဖြစ်ပါတယ်။

နောက်ခံအဖြစ်အပျက်အကြောင်းအရာ
ပသခါပွဲနေ့ညမှာ ဖြစ်ခဲ့တဲ့ နောက်ဆုံးညစာစားပွဲတုန်းက ယေရှုခရစ်တော်ဟာ သူဖမ်းဆီးခံရမယ့်အကြောင်း သူဖြစ်မယ့်အရာတွေကို အရိပ်အမြွတ်ပြောပြခဲ့ပါတယ်။ တပည့်တော်တွေက သေချာနားမလည်ကြပေမဲ့ တပည့်တော် ၁၂ ပါးအဝင် ပေတရု (ပီတာ) က ယေရှုခရစ်တော်ကို “သခင်၊ အကျွန်ုပ်သည် ကိုယ်တော်နှင့်အတူ ထောင်ထဲသို့၎င်း၊ အသေသတ်ခြင်းကို၎င်း၊ လိုက်ခြင်းငှာ အသင့်ရှိပါ၏ဟု လျှောက်လေသော်၊ သခင်ဘုရားက၊ ပေတရု၊ ငါဆိုသည်ကား၊ ယနေ့တွင် ကြက်မတွန်မီ သင်သည် ငါ့ကို မသိ ဟု သုံးကြိမ်မြောက်အောင် ငြင်းပယ်လိမ့်မည်ဟု မိန့်တော်မူ၏။” (လုကာ၊ ၂၂:၃၃-၃၄)။ နောက်တော့ ယေရှုခရစ်တော် ဟာ သံလွင်တောင်ခြေ က ဂေသရှေမန်ဥယျာဉ်မှာ ဆုတောင်းနေခဲ့ပြီး ဆုတောင်းမှုအပြီးမှာ တပည့်တော် ၁၂ ပါးထဲက ယုဒရှကာရုတ် က ယဇ်ပုရောဟိတ်မင်းရဲ့ ကျွန်စစ်သားတွေ ခေါ်ဆောင်လာလို့ ယေရှုကို နမ်းပြီး ဘယ်သူ ဆိုတာကို ပြသခဲ့ပါတယ်။ တစ်ဘက်နဲ့တစ်ဘက် အချင်းများပြီး တပည့်တော်တစ်ဦးက ကျွန်စစ်သားတစ်ဦးကို ဓားနဲ့ခုတ်လို့ နားရွက်ပြတ်သွားပေမဲ့ ယေရှုခရစ်တော်က လက်တော်နဲ့တို့ပြီး ပျောက်ကင်းစေခဲ့ပါသေးတယ်။ အဲ့ဒီနောက် ယေရှုခရစ်တော်ဟာ အဖမ်းဆီးခံခဲ့တယ်။ ယေရှုခရစ်တော်ကို ယဇ်ပုရောဟိတ်မင်း ရဲ့ အိမ်ကို ခေါ်ဆောင်လို့ တစ်ညတာ ဖမ်းဆီးချုပ်နှောင်ထားခဲ့ပါတယ်။ နောက်မနက်ကျမှ ခရစ်တော် ကို လွှတ်တော်ဆီ ပို့ဆောင် တရားဆုံးဖြတ်ကြတာပါ။ ဖမ်းဆီးခံရတဲ့ညမှာ ပေတရု (ပီတာ) က ခပ်လှမ်းလှမ်းကနေ လိုက်ခဲ့ပါတယ်။ အိမ်အနီးမှာ လူတွေ စုဝေးပြီး မီးလှုံနေကြချိန် သူလည်း လိုက်ထိုင်ခဲ့ချိန် အနီးက အစေအပါးအမျိုးသမီးတစ်ဦးက သူ့ကို မှတ်မိပြီး ယေရှုနဲ့ ပေါင်းဖော်တဲ့သူ မဟုတ်လား ဆိုပြီး မေးလို့ ပေတရု (ပီတာ) က ယေရှုကို မသိဘူး လို့ ငြင်းခဲ့ပါတယ်။ သိပ်မကြာခင် နောက်တစ်ယောက်က ထပ်သတိပြုမိသွားပြီး သူနဲ့တစ်ဖွဲ့တည်း မဟုတ်လားလို့ မေးခံရပြန်တော့ ပေတရု (ပီတာ) က ထပ်ငြင်းပြန်ပါတယ်။ နောက်တစ်နာရီခန့်အကြာမှာ အခြားတစ်ယောက်က သတိပြုမိပြီး ထပ်မေးပြန်တာကြောင့် ပေတရု (ပီတာ) ဟာ ထပ်ပြီးတော့ ငြင်းပါတယ်။ အဲ့ဒီအချိန်မှာပဲ စကားလည်းအပြီး ကြက်လည်း ထတွန်ပါတော့တယ်။ ဒီတော့မှ ပေတရု (ပီတာ) ဟာ ယေရှုခရစ်တော် ပြောတဲ့စကားကို ပြန်သတိရသွားခဲ့ပါတော့တယ်။
“ထိုအခါ သခင်ဘုရားသည် လှည့်၍ ပေတရုကို ကြည့်တော်မူ၏။ ကြက်မတွန်မီ သင်သည် သုံးကြိမ်မြောက်အောင် ငါ့ကို ငြင်းပယ်လိမ့်မည်ဟု မိန့်တော်မူသော စကားကို ပေတရုသည် သတိရသဖြင့်၊ ပြင်သို့ထွက်၍ ပြင်းစွာ ငိုကြွေးလေ၏။” (လုကာ၊ ၂၂:၆၁-၆၂)

The Church of Saint Peter in Gallicantu
ဒီဘုရားကျောင်းကို ရှေ့မှာဖော်ပြဖူးတဲ့ ဂေသရှေမန်ဥယျာဉ် တို့ All Nation Church တို့ကို သွားလေ့လာရင်း တစ်ဆက်တည်း လေ့လာနိုင်တာဖြစ်ပါတယ်။ လမ်းရဲ့ တစ်ဘက်တစ်ချက်မှာ မျက်နှာချင်းဆိုင် တည်ရှိနေတာလို့ ဆိုနိုင်ပါတယ်။ ကျွန်တော်တို့ ခရီးစဉ်တုန်းကတော့ မပါဝင်ခဲ့ပါဘူး။ ဒီ The Church of Saint Peter in Gallicantu ဘုရားကျောင်း ဟာ ဇိအုန်တောင် (Mount Zion) ရဲ့ ရှေ့ဘက်တောင်စောင်းမှာ တည်ရှိနေတာပါ။ မြို့ဟောင်းကနေဆို အရှေ့တောင်ဘက် လောက်မှာ ဖြစ်ပါတယ်။ ဒီနေရာဟာ ယဇ်ပုရောဟိတ်မင်း ရဲ့ အိမ်နေရာလို့လည်း သိမှတ်ရပါတယ်။ မူလအဆောက်အအုံနေရာကတော့ ပြိုကျပျက်စီးနေတာကို မြင်တွေ့ကြရမှာဖြစ်ပြီး အခုအဲ့ဒီအစိတ်အပိုင်းတွေအပေါ်မှာ ပြန်လည်လို့ အသစ်တည်ဆောက်ထားတာဖြစ်ပါတယ်။ ယေရှုခရစ်တော် ဖမ်းဆီးခံရပုံတွေ၊ စိန့်ပီတာ (ပေတရု) နဲ့ ကြက် ဆက်စပ်မှုတွေကို သရုပ်ဖော်ထားတဲ့ ရုပ်ပုံတွေ၊ ကြေးရုပ်တုတွေ စတဲ့ အနုပညာလက်ရာ အများအပြားကို သဘောတကျ လေ့လာနိုင်ကြမယ့်နေရာဖြစ်ပါတယ်။ မြေအောက်ထပ်မှာ အချုပ်သားအခန်းတွေလည်း လေ့လာလို့ရပါသေးတယ်။ သမ္မာကျမ်းစာထဲက တမန်တော်ဝတ္ထု အခန်းမှာ ဖော်ပြတဲ့ ခရစ်တော် အကြောင်း ဝေငှသက်သေခံဟောပြောလို့ တပည့်တော်တွေ ဖမ်းဆီးချုပ်နှောင်ခံရတာလည်း ဒီနေရာဖြစ်နိုင်တယ်လို့ ယူဆကြပါတယ်။ ခရစ်တော်ကို ဖမ်းဆီးလို့ တစ်ညတာ ထိန်းသိမ်းထားတဲ့အခန်းလို့ ယူဆရတဲ့နေရာကိုလည်း ကျမ်းစာအုပ်စင်လေးနဲ့အတူ ထိန်းသိမ်းထားပေးတာကို လေ့လာနိုင်ပါသေးတယ်။
စိတ်ဝင်စားစရာ သမိုင်းနောက်ခံအဖြစ်အပျက်နဲ့အတူ ဒီ The Church of Saint Peter in Gallicantu ဟာလည်း ခရစ်ယာန်ဘာသာကို သက်ဝင်ယုံကြည်သူတွေအတွက် ကိုးကွယ်ရာဘုရားသခင်ကို မမေ့လျော့ မငြင်းပယ်မိဖို့ သတိပေးတိုက်တွန်းနေသလို ဖြစ်တာမို့ ဘုရားဖူးတွေအတွက် ခွန်အားယူစရာနေရာလေးအဖြစ် အမြဲအမှတ်ရစရာ ဖြစ်နေပါလိမ့်မယ်။
အားလုံးပဲ ကပ်ဆိုးကြီးများဘေးမှ အမြန်ကင်းဝေးကြပါစေ။
May God Bless You All!
သီဟလုလင် (Thiha, the Traveller)
ယခု ခရီးသွားဆောင်းပါးအား Share လုပ်နိုင်ပါသည်။ ကျွန်တော်၏ တိုက်ရိုက် ခွင့်ပြုချက်မရှိဘဲ၊ ဤဆောင်းပါးစာ နဲ့ ဓါတ်ပုံများကို မိမိ အကောင့်မှာဖြစ်စေ၊ ပေ့ချ်တစ်ခုခုမှာဖြစ်စေ၊ Website နဲ့ အခြားမီဒီယာတစ်ခုခုမှာဖြစ်စေ ပြန်လည် ကူးယူဖော်ပြခြင်းများ မပြုပါရန် မေတ္တာရပ်ခံပါတယ်။ ပြန်လည် ကူးယူဖော်ပြခြင်းများကိုတော့ လုံးဝ ခွင့်မပြုပါ။
good work