top of page

About

THIHA

IMG_7143.JPG
Name.png

Mingalarbar!

I'm Thiha from Myanmar who aspires to travel around the world and learn as much as possible. I share my travel stories here supported by beautiful photos, videos and more. I love travelling to enquire, to hear local stories, to enjoy the nature and of-cause to have fun.

Follow

THIHA

brush1.png
TikTokbrush.png
brush4.png
youtubebrush.png
Subscribe

နေ့စဉ် ပြည်တွင်းပြည်ပ ခရီးသွားသတင်းထူးများအပါအဝင် ခရီးစဉ်လည်ပတ်စရာများအကြောင်းတွေ နဲ့ ဒေသန္တရ ဗဟုသုတအစုံအလင် သိရှိနိုင်ဖို့ အပတ်စဉ်သတင်းလွှာ လေးကို ခုပဲ ရယူလိုက်ပါ။ စာရင်းသွင်းသူများအတွက် ကျွန်တော့်ရဲ့ ပထမဆုံး ပုံနှိပ်စာအုပ် "၁၇" ကဗျာနဲ့ဝတ္ထုတိုစာအုပ်ကို လက်ဆောင် ပေးပို့သွားမှာ ဖြစ်တဲ့အပြင် သတင်းလွှာကနေတဆင့် အခမဲ့ခရီးသွားခြင်းအစီအစဉ်တွေ၊ ခရီးသွားလက်ဆောင်တွေ စတဲ့ ထူးခြားအခွင့်အရေးတွေလည်း သိရှိနိုင်ဦးမှာပါ။

ခုပဲ အမည် နဲ့ အီးမေးလ်လိပ်စာထည့်ပြီး စာရင်းသွားလိုက်နိုင်ပါပြီ။

Thanks for submitting!

ငြိမ်းချမ်းတဲ့ ဆွစ်ဇလန် နေ့ရက်များ

Writer's picture: Thiha Lu LinThiha Lu Lin

ဆွစ်ဇလန် လို့ကြားလိုက်ရင် အရင်ဆုံး သတိရမိတာ သူ့ရဲ့ ထူးခြားတဲ့ အလံ။ ကြက်ခြေနီ အလံနဲ့ ပြောင်းပြန်အရောင် ရှိတဲ့ အနီပေါ်မှာ အဖြူရောင် အပေါင်းလက္ခဏာအမှတ်အသားပါ။ နောက်ထူးခြားမှုတစ်ခုက ကမ္ဘာပေါ်မှာ ရှားရှားပါးပါး လေးထောင့် အလံ သုံးတဲ့ နိုင်ငံတွေထဲက တစ်ခုဟာ ဆွစ်ဇလန်ပါပဲ။ ဟန်နရီဒူးနန့်အကြောင်း သင်ခဲ့ရတော့ ဆွစ်ဇလန်အကြောင်းက ကျွန်တော့်အတွက် မစိမ်းလှဘူး။ ဆွစ်ဇလန် ကို သိပ်ရောက်ဖူးချင်ခဲ့တဲ့ စိတ်ကူးလေးတွေက ဆွစ်ဇလန်နိုင်ငံနဲ့ ပတ်သက်ပြီး သူတို့ရဲ့ လူမှုရေးလုပ်ငန်းစဉ်တွေ မြန်မာနိုင်ငံမှာ လာလုပ်တော့ အခမ်းအနားတွေမှာ ကျွန်တော်က အခမ်းအနားမှုးလုပ်ပေးခဲ့ရတဲ့အတွက် ဆွစ်ဇလန်နိုင်ငံရဲ့ အေးချမ်းပုံ၊ ဆွစ်ဇလန်နိုင်ငံသားတွေရဲ့ ပြုမူနေထိုင်ပုံ တွေကို ကြားနေရာကနေ စတယ် ဆိုပါတော့။ ဒါကြောင့် ဥရောပကို သွားတဲ့အချိန် ဆွစ်ဇလန် ကို ဝင်ရောက်လည်ပတ်ဖြစ်ခဲ့ပါတယ်။


ဆွစ်ဇလန်နိုင်ငံ ဆိုတာ

ဆွစ်ဇလန်နိုင်ငံက ဥရောပတိုက်မှာဆိုရင် အနောက်တောင်ပိုင်းရဲ့ အလယ်လောက်မှာ တည်ရှိပါတယ်။ အနောက်မှာ ပြင်သစ်၊ မြောက်မှာ ဂျာမနီ၊ တောင်မှာ အီတလီ နဲ့ အရှေ့မှာ သြစတြီးလျ နိုင်ငံတွေနဲ့ ထိစပ်နေတာပါ။ ကျွန်တော်တို့ ခရီးစဉ်တုန်းက ဂျာမနီ ကနေ ဝင်ပြီး အီတလီ ကနေ ပြန်ထွက်ခဲ့လိုက်တာ။ သာယာတဲ့ ရှုခင်းအနေအထားကို ပိုင်ဆိုင်ထားတဲ့ ဆွစ်ဇလန်မှာ ရာသီအလိုက် ချစ်စရာကောင်းနေတတ်တယ်။ ရေခဲတောင်တွေလည်း ရှိသလို၊ မြက်ခင်းစိမ်းကျယ်ကျယ်တွေလည်း ရှိတယ်။ နိုင်ငံသားတိုင်းက အေးအေးချမ်းချမ်း ရှိနေပုံလေးကို သတိပြုမိတယ်။ မြို့ပြင်နဲ့ နယ်မြို့တွေမှာဆို လူသူနည်းပါးသလို ဖြစ်နေပြီး ရိုးရှင်းတိတ်ဆိတ်အေးချမ်းပုံပေါ်နေတာလေး သဘောကျမိတယ်။ မြို့ပြထက် နယ်မြို့တွေရဲ့ ခြံကျယ်ကျယ်၊ သိုး နွား တွေ၊ သစ်သားအိမ်ပုံစံ လှလှ၊ တကယ့် ကန်ထရီးအထာလေးတွေကို ဘယ်လိုတွေ သဘောကျမိနေမှန်းမသိ သဘောကျမိနေတာပါ။


ဗီဇာ

ဆွစ်ဇလန်နိုင်ငံကို လည်ပတ်ဖို့အတွက် ဗီဇာလျှောက်ထားတဲ့ပုံကတော့ ကျွန်တော်ရှေ့မှာ ရေးပြီးဖြစ်တဲ့ ရှန်ဂမ်ဗီဇာလျှောက်ထားပုံနဲ့ အတူတူပဲမို့ ဒီမှာ ရေးမနေတော့ပါဘူး။ အသေးစိတ်ကို ဒီမှာဖတ်ကြည့်နိုင်ပါတယ်။


ကျွန်တော်ရောက်ခဲ့တဲ့ ဆွစ်ဇလန်

တကယ်တော့ ဆွစ်ဇလန်နိုင်ငံမှာ လည်ပတ်စရာ ပေါများပြီး ရထားစနစ်လည်း ကောင်းမွန်လို့ ခဏတွင်းချင်းကို နိုင်ငံပတ်လို့ ရနိုင်ပါတယ်။ ဒါပေမဲ့လည်း အချိန်နဲ့ ငွေ များများ မတတ်နိုင်တော့ ကျွန်တော့်ရဲ့ ဆွစ်ဇလန် ခရီးစဉ်က သိပ်မခန်းနားခဲ့ဘူးဘဲ ဆိုပါတော့။ ဆွစ်ဇလန် ရဲ့ ၁၈၀ ဒီဂရီ ပတ်လည် မြင်ရတဲ့ ရထား စီးဖူးချင်ခဲ့ပေမဲ့ အဆင်မပြေခဲ့ဘူး။ အဲ့ဒီရထားရဲ့ ဘေးနဲ့ အမိုးတွေဟာ မှန်တွေဖြစ်တာမို့ ရထားစီးရတဲ့ အရသာသစ်တစ်မျိုးကို ဖန်တီးပေးတယ်။ ဒါပေမဲ့ အဲ့ဒီရထားစီးဖို့ အဆင်မသင့်ခဲ့ဘူး။ ကျွန်တော် ရောက်သွားတဲ့အချိန်က ဒီဇင်ဘာလ အကုန် ဇန်နဝါရီလ အကူးမို့ ဆွစ်ဇလန်မှာ နေ့တာတိုပြီး ညတာရှည်တဲ့အချိန်လည်း ဖြစ်ပါတယ်။ နေလည်း မပွင့်တဲ့ရက်တွေ များတယ်။ မနက် ၉ နာရီလောက်အထိ မှောင်ပိန်းပိန်းဖြစ်နေတာမျိုး ကြုံခဲ့ရတော့ ဒါလည်း ထူးခြားတဲ့ အတွေ့အကြုံအနေနဲ့ သဘောကျမိတယ်ပဲ ဆိုပါတော့။


ဥရောပရဲ့ အကြီးဆုံးရေတံခွန် Rhine Falls ရှိရာ Schaffhausen မြို့

ဂျာမနီ ကနေ ကားနဲ့ ဆွစ်ဇလန်ကိုလာတော့ ဒီနယ်စပ်လေးကို ဖြတ်ကြရတယ်။ Schaffhausen မြို့လေးက နယ်စပ်မြို့လေးပါ။ ဂျာမနီလွှမ်းမိုးမှုရှိနေတဲ့မြို့လေး လို့လည်း ဆိုကြပါတယ်။ ဒုတိယကမ္ဘာစစ်တုန်းက ဂျာမနီ ပိုင်တဲ့မြို့လို့ထင်ပြီး ဗုံးကြဲခံခဲ့ရဖူးတယ်။ မြို့အပြင်ပိုင်းလေးပဲ ဗုံးဒါဏ်ခံခဲ့ကြရတာပါ။ ဒီမြို့လေးက သက်တမ်းရှည်မြို့လေးဖြစ်ပြီး စိတ်ဝင်စားစရာ သမိုင်းဝင်လက်ရာမြောက် အဆောက်အဦးတွေကို မြင်တွေ့ကြရပါတယ်။ ဒီမြို့မှာ အထင်ရှားဆုံးကတော့ Rhine Falls (Rheinfall) ဆိုတဲ့ ရေတံခွန်ကြီးပါ။ ဒီရေတံခွန်ကြီးက ဥရောပမှာ အကြီးဆုံး ရေတံခွန်လို့လည်း ဆိုကြပါတယ်။ စိတ်ထင် ကျယ်တာကို ပြောတာလို့ ထင်ပါတယ်။ ရေတံခွန်က တော်တော် လှတာပါ။ ကျွန်တော်တို့ ရောက်သွားချိန်က ညနေစောင်းနေပြီဆိုတော့ အလင်းအားက သိပ်မကောင်းတော့ပေမဲ့ ပတ်ဝန်းကျင်ကို ရှင်းရှင်းလင်းလင်း မြင်ရသေးတယ်။ ရေမှုန်မွှားလေးတွေရယ်၊ နောက်မှာ တောင်တန်းနဲ့ ရထားလမ်း။ ရထားဖြတ်ချိန်လည်း ကြုံခဲ့လို ရေတံခွန်နဲ့ ရထား အတော်ကို လှတာ ခံစားလိုက်ရတယ်။ ဘေးက ရဲတိုက်ပုံစံ အဆောက်အဦးကလည်း ခန်းနားတယ်။ အမှတ်တရ ပစ္စည်းဆိုင်တွေ၊ ကော်ဖီဆိုင်တွေ၊ မုန့်ဆိုင်လေးတွေနဲ့ ဒီနေရာဟာ ခရီးသွားဧည့်သည်တွေ ပြည့်နေတတ်တဲ့နေရာပေါ့။


Rhine ရေတံခွန်ဟာ Schaffhausen နဲ့ Zurich မြို့တွေကြားမှာ ရှိနေတာပါ။ ဒီ ရေတံခွန်ရဲ့ ရေစီးအားကြောင့် ငါးတွေ ရေဆန်မကူးနိုင်ကြပါဘူး။ ငါးရှဉ့်တချို့လောက်ပဲ ကျောက်တုံးတွေကြားကနေ ရပ်တည်ရှင်သန်နိုင်တယ်လို့ ဆိုရပါမယ်။ ရေက ၆၉ ပေအမြင့်ကနေ စီးကျပြီး အကျယ်အားဖြင့် ၄၉၂ ပေ ရှိပါတယ်။ ဇူလိုင်လ မှာဆိုရင်တော့ ရေတံခွန်က အလှဆုံးနဲ့ အမြင့်ဆုံး ဆင်းကျနေတာကို တွေ့ရမှာပါ။ အခု ကျွန်တော်ကတော့ ဒီဇင်ဘာလကြီး ရောက်သွားခဲ့တာပါ။


Schaffhausen မြို့မှာ အဆောက်အဦးတွေက ခပ်နိမ့်နိမ့်နဲ့ သိပ်လှတဲ့ တည်ဆောက်ဟန် လက်ရာကို တွေ့ကြရပါတယ်။ အိမ်အချွန်လေးတွေ၊ ပြတင်းပေါက်ခပ်များများထားတတ်တဲ့ အလေ့အထတွေကို ရှုမြင်ကြရပါတယ်။ ဒီမြို့မှာ အချိန်ရခဲ့မယ်ဆိုရင်တော့ ဒီ Rheinfall အပြင် မြို့ရဲ့ အထင်ကရ ရဲတိုက်ဟောင်းကြီးဖြစ်တဲ့ Munot Tower, ထူးခြားလှပတဲ့ ပန်းချီလက်ရာတွေနဲ့ House zum Ritter, ရှေးဘုရားကျောင်းကြီး Munster Schaffhausen, ရှေးအဆောက်အဦးလှလှလေးတွေ ရှိတဲ့ ရပ်ကွက်ဟောင်း Altstadt တို့ကိုလည်း လေ့လာလည်ပတ်သင့်ပါတယ်။


သိပ်လှတဲ့ Lucerne မြို့

ကျွန်တော်တို့ နောက်ရက်ကို Titlis တောင်မတက်ခင် Lucerne မြို့မှာ တစ်ညအိပ်ပြီး အားမွေးကြပါတယ်။ အဲ့လိုပြောလို့ မသိရင် တောင်ကို ခြေလျင်တက်မယ်ထင်နေဦးမယ်။ အဲ့ဒီလို မဟုတ်ပါဘူး။ ပြင်သစ် - ဂျာမနီ - ဆွစ်ဇလန် နယ်စပ်ဖြတ်ကျော် ခရီးစဉ်ကို ကားကြီးနဲ့ စီးလာရလို့ ပင်ပန်းနေလို့ပါ။ ဆောင်းတွင်းကြီး အလည်သွားရတဲ့ ဒုက္ခက ဆိုင်တွေ စောစော ပိတ်ကြတာပဲ။ Shopping ထွက်ဖို့တောင် ခက်တဲ့ အနေအထားဖြစ်နေတယ်။ ရာသီဥတုက အရမ်းမအေးတော့ပေမဲ့ ကျွန်တော်တို့အတွက် အေးနေတုန်းပဲ။ မှောင်တာကလည်း ၄ နာရီဆို နေဝင်ပြီဆိုတော့ အတော်မှောင်။ ဒါပေမဲ့လည်း သိပ်လှတဲ့ Lucerne မြို့လေးကိုတော့ ရောက်တုန်း ပတ်ကြည့်ချင်မိသေးတာနဲ့ ညဘက် ခဏတဖြုတ်ထွက်ဖြစ်ကြတယ်။

ညဘက် Lucerne မြို့ အလှ၊ အနားမှာ Chapel Bridge နဲ့နီးတယ်

ကိုယ်တွေနေတဲ့ ဟိုတယ်က Chapel Bridge နဲ့နီးတော့ ရှေးဟောင်း ဒီတံတားကြီးဆီကို မဖြတ်နိုင်ခဲ့ပေမဲ့ အဝေးကနေ ငေးကြည့်ဖို့ အဆင်ပြေခဲ့တယ်။ နာမည်ကျော် သစ်သားတံတားကြီးကို Reuss မြစ်ပေါ်မှာ ၁၃၃၃ ခုနှစ်လောက်က ဆောက်ခဲ့ပြီး ၁၉၉၃ ခုနှစ်မှာ မီးသင့်လို့ ပြန်ဆောက်ခဲ့ရတာပါ။ မီးကြွင်းနေတဲ့နေရာတွေလည်း ခုထိ ရှိဆဲဖြစ်ပြီး အဲ့ဒီနေရာတွေမှာတော့ ၁၇ ရာစုက လက်ရာတွေကို မြင်တွေ့နိုင်ပါသေးတယ်။ ထူးခြားတဲ့ တံတားလယ်က ရေပေါ်မျှော်စင်ကြီးကလည်း သူ့ရဲ့ ရှစ်မြှောင့်ပုံစံခေါင်းမိုးကြောင့် နာမည်ကြီးပါတယ်။

သိပ်လှတဲ့ Lucern မြို့ ညဘက် မြင်ရတဲ့ အဆောက်အဦး အလှတွေ

မြို့ကို သေချာလည်ပတ်ခွင့် မကြုံခဲ့တော့ သိပ်များများ ရေးစရာမရှိပါဘူး။ အဆောက်အဦးတိုင်းရဲ့ ထူးခြားတဲ့ ဗိသုကာလက်ရာတွေကိုပဲ ခံစားဖြစ်ခဲ့တယ်။ ကျွန်တော်တို့ ဟိုတယ်နားက ဘူတာရုံကြီးကလည်း လေဆိပ်အလား ခန်းနားလို့ သဘောကျမိတယ်။ အဲ့ဒီကနေ အမြန်ရထားတွေနဲ့ အခြားမြို့တွေကို ကူးလူးဆက်သွယ်နိုင်တယ်။ ဒီမြို့မှာ လည်ပတ်စရာတွေဆိုရင် ဈေးဝယ်ထွက်ဖို့ Old Town Lucerne ၊ သက်တမ်းရှည် The Jesuit Church of Lucerne ဘုရားကျောင်း၊ Lucerne မြစ်ပေါ် Cruise စီး၊ ကျောက်တောင်ကို ထွင်းပြီး အတွင်းမှာ ထုဆစ်ထားတဲ့ The Dying Lion ရုပ်တု စတာတွေ ရှိပါသေးတယ်။

နာမည်ကျော် The Dying Lion ရုပ်တု
Central Station ဘူတာရုံက လေဆိပ်အလား ခမ်းနားချက်

Titlis ရေခဲတောင်

ဆွစ်ဇလန်ကို ရောင်းတဲ့ Tour အများစုက ဒီနေရာကို ပို့ဆောင်ပေးတတ်ကြပါတယ်။ ရေခဲနှင်း မမြင်ဘူးတဲ့ ကျွန်တော်တို့လို့ အပူပိုင်းဇုန်က သူတွေအတွက်တော့ အထူးအဆန်းကြီးပေါ့။ ဒါကြောင့်လည်း ကိုယ်တွေလို ဒေသတွင်းနိုင်ငံတွေက လူတွေ ပိုများနေတတ်တယ်။ အဖြူတွေကတော့ နှင်းလျှောစီး ကစားဖို့ပဲ လာကြတာ များပါတယ်။ ဒါကြောင့် တောင်ပေါ်မှာဆို အာရှအစားအစာ စားလို့ရတဲ့ ဆိုင်တွေတောင် ရှိပါတယ်။ အောက်ခြေမှာလည်း အိန္ဒိယဆိုင်လိုမျိုးတွေ ရှိနေတယ်။

တောင်ထိပ်တစ်ခုပေါ်ရောက် ကျွန်တော်
ကြိုးရထားနဲ့ အပေါ်တက်တော့ မြင်ရတဲ့ မြင်ကွင်းတွေ

တောင်ထွတ်တွေကို အဆင့်ဆင့် ကြိုးရထားလေး စီးသွားရတာ ရင်ခုန်စရာကောင်းတယ်။ ပထမတစ်ခါ လူ ၈ ယောက်လောက် စီးလို့ရတဲ့ ကြိုးရထားအသေးလေးတွေနဲ့ တစ်ဆင့် တက်ကြတယ်။ နောက်တစ်ဆင့်ကျတော့ လူအများကြီး တစ်ပြိုင်နက် စီးလို့ရတဲ့ ကြိုးရထားအကြီးနဲ့ တက်ကြရတယ်။ အဲ့ဒီ ကြိုးရထားကျတော့ ၃၆၀ လည်နေတော့ အပြင်ဘက်အလှကို တစ်နေရာတည်းကနေ ရပ်ကြည့်ပြီး ခံစားလို့ရတယ်။ အသည်းတယားယားနဲ့ အပေါ်တက်သွားရတယ်ပေါ့။ ပေ တစ်သောင်း လောက် အမြင့်ရှိတဲ့ ဒီ ကြိုးရထား စီးရတာလည်း အတော် အဆင်ပြေသလို၊ အပေါ်မှာလည်း လုပ်စရာ ကစားနည်းအစုံ၊ ဆက်တက်ရမဲ့ တောင်၊ ဂူ နဲ့ ကြိုးတံတားတွေ ရှိသေးတော့ အချိန်ပေးနိုင်ရင် ပေးနိုင်လို လုပ်ဆောင်နိုင်ပါတယ်။ Tour အစီအစဉ်တွေနဲ့ လာတဲ့သူတွေအတွက်ကတော့ အဲ့လောက်များများ အချိန်ရမှာ မဟုတ်ပါဘူး။ နှင်းတွေ ရေခဲတွေနဲ့ ဓါတ်ပုံရိုက်ရုံလောက်ပါပဲ။

Titlis တောင်ဆီ အသွားလမ်းက မြင်ရတဲ့ ကျေးလက်မြင်ကွင်းလေးတွေ

အတွင်းမှာ အမှတ်တရပစ္စည်းအရောင်းဆိုင်၊ ချောကလက်အရောင်းဆိုင်၊ စားသောက်ဆိုင်တွေ ရှိသလို၊ ဒီမှာ လာရိုက်သွားတဲ့ နာမည်ကြီး ရုပ်ရှင်တွေ၊ လာလည်သွားတဲ့ အနုပညာရှင်တွေရဲ့ ပုံရိပ်တွေကိုလည်း ချိတ်ဆွဲ ပြထားပါတယ်။


Titlis တောင်ခြေ ကားရပ်နားစခန်းနားမှာ
Titlis မှာ နှင်းလျှောစီးကြသူများ
တောင်ထိပ်ကနေ ပြန်ဆင်းလာတော့ မြင်ရတဲ့ ချစ်စရာ မြို့မြင်ကွင်းလေး

ဆွစ်ဇလန်နဲ့ ကျွန်တော်က လောလောဆယ် ဒီလောက်ပဲ အကြောင်းတရားပါသေးတယ်။ မကြာခင် ပြန်လာနိုင်ဖို့လည်း မျှော်လင့်ပါတယ်။ အဲ့ဒီအခါကျရင် ဒီ့ထက်ပိုပြီး စုံစုံလင်လင် ရေးနိုင်ဖို့လည်း ကြိုးစားပါ့မယ်။ ရက်နည်းနည်းနဲ့ ဖြတ်သန်းခဲ့ရပေမဲ့ ဆွစ်ဇလန် က ကျွန်တော့်ကို ဧည့်ဝတ်မပျက်ခဲ့ပါဘူး။ မြို့ပြရဲ့ အလှတရား၊ သဘာဝနဲ့ ကျေးလက်ရဲ့ အလှတရားတွေနဲ့ ကျေနပ်မှု အပြည့်အဝ ပေးပါတယ်။ ရာသီဥတုအေးတဲ့အချိန်မို့ အအေးလွန်ပြီး ကျွန်တော့် ကင်မရာ Freeze ဖြစ်သွားလို့ အသည်းတွေကွဲပြီ ထင်ခဲ့တာ။ တော်သေးရဲ့ တစ်ညလုံး နွေးနွေးထွေးထွေး ထားလိုက်တာ ပြန်အဆင်ပြေသွားလို့။ အဲ့ဒါလေးကလည်း ခရီးစဉ် အမှတ်တရပါပဲ။


ဒီလို ဥရောပ ခရီးစဉ် သွားလိုသူများ ရှိမယ်ဆိုရင် “သုခလမ်းညွှန် Travels & Tours ခရီးသွားလုပ်ငန်း” နဲ့ သွားလို့ရပါတယ်။ ဈေးနှုန်းနဲ့ အခြားအသေးစိတ်အချက်အလက်ကိုကျတော့ ကျွန်တော့်ထက် စီစဉ်တဲ့ သုခလမ်းညွှန်ခရီးသွားလုပ်ငန်း က ပိုပြီး ရှင်းပြနိုင်မှာမို့ ဖုန်း 09 969703331, 969703332, 969703334 တို့ကို ဆက်သွယ်စေလိုပါတယ်။


အားလုံးပဲ အစဉ်ဘေးကင်းလုံခြုံ ကျန်းမာပြည့်စုံ ပျော်ရွှင်စွာခရီးသွားနိုင်ကြပါစေ။

သီဟလုလင် (Thiha, the Traveller) 


ကျွန်တော်၏ တိုက်ရိုက် ခွင့်ပြုချက်မရှိဘဲ၊ ဤဆောင်းပါးနှင့် ဓါတ်ပုံများအား မည်သူမှ မိမိ၏ အကောင့်တွင်ဖြစ်စေ၊ မည်သည့် မီဒီယာ၊ Website နှင့် လူမှုကွန်ယက်ပေါ်များတွင်ဖြစ်စေ ပြန်လည် ကူးယူဖော်ပြခြင်းများကိုတော့ လုံးဝ ခွင့်မပြုပါ။


Photo :: Thiha Lu Lin, Ko Ko Myo, Ko Phyo Wai Lynn

Camera :: Sony Alpha 7II with 16 - 35mm & 85mm | Samsung Galaxy Note9

Photos are modified in Lightroom by Thiha Lu Lin.

477 views0 comments

Comments


Thiha, the traveller logo

Thiha, The Traveller

Travel & Lifestyle Blog

  • Facebook
  • Instagram
  • YouTube
  • TikTok
  • Twitter
  • Spotify
  • Pinterest
  • RSS

TIPS & INSPIRATION

Get Inspired! Receive travel discounts, the secrets and tips that you need to get to know the most impressive places in the world.

သတင်းလွှာ ရယူဖို့ ဖောင်ဖြည့်နိုင်ပါတယ်။ ပြည်တွင်းပြည်ပ ခရီးစဉ်များ နေ့စဉ်တင်ဆက်မှုအသစ်တွေ အပါအဝင် ကံစမ်းမဲလက်ဆောင်များ၊ ခရီးစဉ်လျှော့ဈေးများ စတဲ့ စတဲ့ အခွင့်အရေးများစွာကို ရယူခံစားနိုင်မှာ ဖြစ်ပါတယ်ခင်ဗျာ။

Copyright © 2024 Idea Landmark Myanmar | Thiha, the Traveller - All Right Reserved.

I may earn commission (at no extra cost to you) from some affiliate links if you choose to purchase through them. (Learn more)

bottom of page