ဒီတစ်ခါတော့ ယုံကြည်သူတွေ အမှတ်ရဆုံးဖြစ်တဲ့ သမ္မာကျမ်းစာထဲက နေရာတစ်ခုကို ကျွန်တော် ပြောပြချင်ပါတယ်။ ဒီအကြောင်းလေး မပြောခင် ကျွန်တော် ဘာကြောင့် ဒီ သမ္မာကျမ်းစာထဲ ခရီးသွားခြင်း တွေ ရေးနေရသလဲဆိုတာလေး ပြောပြပါရစေ။ တော်တော်ထူးခြားပါတယ်။ ကျွန်တော် အပိုင်း (၁) စရေးကတည်းက အတော်လေး ခြိမ်းခြောက် တိုက်ခိုက် ပြောဆိုခံရပါတယ်။ ဘာသာရေးဆွယ်တာဆိုတာမျိုးရော၊ အားမပေးတော့ဘူး ဆိုတာမျိုးရော၊ နိုင်ငံရေးတွေပါ ဆွဲထည့်ပြီးတော့ရော အပြောအဆိုခံရပါတယ်။ ကျွန်တော့်သဘောကတော့ ရှင်းပါတယ်။ ကျွန်တော် တစ်နှစ်မှာ ခရီးသွားအကြောင်းအရာ အပုဒ် ၁၀၀ ရေးရင် ၉၀ လောက်က ဗုဒ္ဓဘာသာ ဘုရားကျောင်းကန်စေတီသမိုင်းအကြောင်းအရာတွေ ဖြစ်တယ်ဆိုတာ အမြဲ အားပေးတဲ့သူတွေ သိကြပြီး ဖြစ်မှာပါ။ ပြီးတော့ ကျွန်တော်ဟာ တစ်ခါမှ ဘယ်ဘာသာက ဘယ်လိုဆိုပြီး မပုတ်ခတ်ခဲ့ဘူးသလို၊ လူတော်တော်များများ လက်ရှောင်ကြတဲ့ အစ္စလာမ်ဝတ်ပြုကျောင်းတွေ က အစ ရေးသားတတ်သူပါ။ တခြားသော ဟိန္ဒူ နဲ့ လူတွေသိပ်မသိတဲ့ ကိုးကွယ်ယုံကြည်မှုတွေ အကြောင်းလည်း တင်ဆက်ခဲ့တာပါပဲ။ ကျွန်တော် ကိုယ်တိုင်လည်း ခရစ်ယာန်ဘာသာထဲမှာ ရှိမနေပါဘူး။ ဒါပေမဲ့ ယေရှုခရစ်တော်နဲ့ အသက်ရှင်သောဘုရားသခင်ကိုတော့ ကိုယ်တွေ့နဲ့ ယှဉ်ပြီး ယုံကြည်ကိုးကွယ်ပါတယ်။ ခုတလော ကျွန်တော့် အသိမိတ်ဆွေတွေ၊ သူတို့ မိသားစုဝင်တွေ နေ့မြင်ညပျောက် ကပ်ရောဂါကြီးနဲ့ တိမ်းပါးကုန်ကြသလို၊ ကျွန်တော်ကိုယ်တိုင်လည်း အသက်ရှူကြပ်တဲ့ ဝေဒနာကို ၄ ရက်လောက် ခံစားခဲ့ရပါတယ်။ ဒီအချိန်မှာ တစ်ယောက်တည်း နေနေရတဲ့ ကျွန်တော်က ဘုရားက လွဲရင် အားကိုးစရာ မရှိလို့ ဘုရားဆီပဲ ဆုတောင်းဝတ်ပြုခြင်းနဲ့ အချိန်ယူခဲ့ရပါတယ်။ ပြန်လည်ကျန်းမာရတဲ့အခွင့် ကျွန်တော် လက်တွေ့ခံစားရတယ်။ ရှေ့မှာတုန်းကလည်း ခြေထောက်က ထောက်မရအောင် နာခဲ့တုန်းကလည်း အစာရှောင်ဆုတောင်းခြင်း နဲ့ ပြန်သက်သာခဲ့တယ်။ ဒီလို ခံစားရတာတွေရဲ့နောက်မှာ ကျွန်တော့်ရဲ့ ခရီးသွားစာမျက်နှာပေါ် ကိုယ့်ယုံကြည်ကိုးကွယ်ရာနဲ့ ပတ်သက်ပြီး ဘာမှလည်း သေချာမရေးထားသေးပါလားလို့ သတိရပါတယ်။ ကျွန်တော်ကိုလည်း ဘယ်အချိန် ဘုရား ပြန်ရုတ်သိမ်းမယ် မသိရပါဘူး။ ဒါကြောင့် အသက်ရှင်နေတုန်းကာလမှာ အမှတ်တရ ကျန်နေချင်တာတော့ တကယ့်ဆန္ဒပါ။ ဒါကြောင့်လည်း The Holy Land တုန်းက ကိုယ်တိုင် ခွန်အားယူတည်ဆောက်ရတဲ့ နေရာတွေကို ပြန်ပြီး ရေးခဲ့တာလည်း ဖြစ်ပါတယ်။ အားလုံး နားလည်ပေးနိုင်မယ်လို့ ယုံကြည်ပါတယ်ခင်ဗျာ
မာတိကာ
သမ္မာကျမ်းစာထဲက သမိုင်းတွင်တဲ့ အထိမ်းအမှတ် နှစ် နေရာကို ပိုင်ဆိုင်ထားတဲ့ Tabgha
အစ္စရေးနိုင်ငံကို ရောက်ရင် ကြီးမားကျယ်ပြန့်လွန်းတဲ့ ဂယ်လိလီ (ဂါလိလဲ) အိုင်ကြီးရဲ့ အလှကို ခံစားကြရသလို ဒီအိုင်ကြီး ပတ်လည်က အထင်ကရနေရာတွေကိုလည်း လည်ပတ်ဘုရားဖူးကြတယ်လို့ ဆိုနိုင်ပါတယ်။ အဲ့ဒီမှာ တပ်ဘ်ဂါဒေသ (Tabgha) ကို အလည်သွားကြပြီး ခရစ်ယာန်တွေအတွက် ထူးခြားမြင့်မြတ်တယ်လို့ ဆိုနိုင်တဲ့ နေရာနှစ်ခုကို အာရုံထားလည်ပတ်ဝတ်ပြုတတ်ကြပါတယ်။ အဲ့ဒီ နေရာတွေကတော့ The Church of the Multiplication နဲ့ Church of St. Peter’s Primacy တို့ပါပဲ။ တပ်ဘ်ဂါဒေသ ကို ဟေဘရူး ဘာသာစကားနဲ့ဆို Ein Sheva ၊ ပြီးတော့ ဂရိလိုဆို Heptapegon လို့ ခေါ်ကြပြီး အဓိပ္ပါယ်ကတော့ စမ်းချောင်း ၇ စင်း (Spring of Seven) ဖြစ်ပါတယ်။ အကြောင်းကတော့ အရင်တုန်းက ဒီနေရာမှာ စမ်းချောင်း ၇ စင်းဟာ စုဆုံကြပြီး ဂယ်လိလီ (ဂါလိလဲ) အိုင်ထဲကို စီးဝင်ကြလို့ပါ။ အခုတော့ စမ်းချောင်း ၅ စင်း ပဲ ကျန်တော့ပြီး ၂ စင်းကတော့ ကောသွားပြီလို့ သိရပါတယ်။ ဒီဒေသကို အရင်က ဂရိနာမည်နဲ့ ခေါ်ခဲ့ကြရာကနေ အတိုအနေနဲ့ Tapego လို့ သုံးနှုန်းခဲ့ကြတယ်။ အဲ့ဒီကနေမှ တဖြေးဖြေးနဲ့ Tabgha ဆိုပြီး အာရဘီဘာသာစကား အခေါ်အဝေါ် ပြောင်းလဲသွားတယ်လို့ သိရပါတယ်။ ဒီ တပ်ဘ်ဂါဒေသ ဟာ နောက်ထပ်အထူးခြားဆုံးအဖြစ်အပျက်အနေနဲ့ ခရစ်တော် ကားတိုင်မှာ လူတွေရဲ့ အပြစ်ကြွေးအတွက် ကိုယ်စားအသေခံခဲ့ပြီး ၃ ရက်မြောက်နေ့မှာ ရှင်ပြန်ထမြောက်ခဲ့တဲ့နောက် သူ့ရဲ့ ရှင်ပြန်ထမြောက်ခြင်းကို မယုံကြည်သူတွေအတွက် ကိုယ်ထင်ရှားပြခြင်းတွေ ရှိခဲ့တဲ့အချိန် ဒီဒေသမှာ စတုတ္ထကြိမ်မြောက် ထင်ရှားပြသခြင်းကို ပြုလုပ်ခဲ့တာလည်း ဖြစ်ပါတယ်။
မုန့်ငါးလုံး၊ ငါးနှစ်ကောင် နဲ့ လူ ငါးထောင် တန်ခိုးပြရာ The Church of the Multiplication of the Loaves and the Fishes
သခင်ယေရှု ဟာ ဒီ တပ်ဘ်ဂါ (Tabgha) နယ်တစ်ဝိုက် မှာ တရားဟောပြောခြင်းအမှုကို ပြုတဲ့အခါ တရားနာလိုတဲ့ ပရိတ်သတ်တွေ သူ့နောက်ကို တောက်လျောက်လိုက်ခဲ့ကြပါတယ်။ ဒီနေရာအရောက်မှာတော့ မိုးလည်း ချုပ်လာပြီဖြစ်လို့ တပည့်တော်တွေက ခရစ်တော်ကို တရားနာပရိတ်သတ်ကြီး စားဖို့ နဲ့ အိပ်ဖို့ အနီးအပါးက ရွာတွေဆီကို သွားဖို့ ခွင့်ပြုမဲ့အကြောင်း လျှောက်ကြပါတယ်။ အဲ့ဒီမှာ “ကိုယ်တော်က၊ သူတို့စားစရာဖို့ သင်တို့ပေးကြလော့” (လုကာ ၉:၁၃) လို့ ပြန်မိန့်တဲ့အခါ တပည့်တော်တို့က ဒီ လူ ၅၀၀၀ (အရင်ခေတ်ကတော့ လူကို ရေတွက်ရင် သန်မာတဲ့ ယောကျ်ားသားတွေကိုသာ ရေတွက်တဲ့အလေ့အထရှိပြီး ကလေးနဲ့ အမျိုးသမီးတွေကို ထည့်သွင်းရေတွက်လေ့မရှိဘူးလို့ မှတ်သားဖူးပါတယ်။ အဲ့ဒီအတွက် လူဦးရေဟာ ဒီ့ထက် များနိုင်တယ်လို့ ယူဆစရာရှိပါတယ်။) ကို ကျွေးဖို့ ငွေကြေးရော၊ အစားအစာရော လွယ်လွယ်မရနိုင်ကြောင်း ပြန်လျှောက်ကြတယ်။ ရသလောက် ရှာဖွေတဲ့အခါ လူအုပ်ထဲပါလာတဲ့ ကလေးငယ်တစ်ဦးဆီက သူစားဖို့ယူလာခဲ့တဲ့ မုန့် ငါးလုံး နဲ့ ငါး နှစ်ကောင် သာ တွေ့ရတဲ့အကြောင်း ခရစ်တော်ကို လျှောက်ထားကြပါတယ်။ “ယေရှုသည် မုန့်ငါးလုံး နှင့် ငါးနှစ်ကောင် ကို ယူ၍ ကောင်းကင်သို့ကြည့်မျှော်လျက်၊ ကျေးဇူးတော်ကို ချီးမွမ်းပြီးမှ မုန့်ကို ဖဲ့၍ လူများရှေ့၌ ထည့်စေခြင်းငှာ တပည့်တော်တို့အား ပေးတော်မူ၏။” (လုကာ ၉:၁၆)။ အဲ့ဒီမှာ တန်ခိုးပြခြင်း ဖြစ်ပေါ်လာတယ်လို့ ဆိုရပါမယ်။ လူအုပ်ကြီးကို ဝဝလင်လင် ကျွေးမွေးနိုင်သွားတဲ့အပြင်ကိုမှ အကြွင်းအကျန်တွေကို ကောက်တဲ့အခါ မုန့် တစ်ဆယ့်နှစ်တောင်း အပြည့် ရတဲ့အထိ ဖြစ်ခဲ့ပါတယ်။
အခုချိန်မှာတော့ ဒီနေရာလေးမှာ ဘုရားကျောင်းလေးကို တည်ဆောက်ထားခဲ့ပါပြီ။ အရင်ကတော့ ခပ်သေးသေးလေးပါ။ ၄ ရာစုလောက်က တည်ဆောက်ခဲ့တာဖြစ်ပြီး နောက်ထပ် ရာစု အကြာမှာတော့ ပိုကြီးအောင် တည်ဆောက်ခဲ့ကြပါတယ်။ ဒါပေမဲ့ ကြမ်းခင်းတွေမှာ ဆွဲသားဖန်တီးထားတဲ့ Mosaic (ကျောက်ပြား၊ ဖန်၊ စတာတွေကို မတူညီတဲ့အရာတွေ ပြောင်းစပ်ပြီး ပုံဖော်ထားတဲ့အနုပညာလက်ရာ) တွေကတော့ ယခင်ကအတိုင်း ပဲ ရှိနေတုန်းဖြစ်ပါတယ်။ ဝတ်ပြုရာစားပွဲအောက်မှာ ငါးနှစ်ကောင် နဲ့ မုန့်ငါးလုံး Mosaic ရှိနေပြီး ကြမ်းခင်းတစ်နေရာမှာတော့ ရေပျော်ငှက်မျိုးစုံ ဖန်တီးထားတဲ့ Mosaic ကြီးတစ်ခုကို မြင်တွေ့ကြရပါတယ်။ အခု မြင်တွေ့ရတဲ့ ဘုရားကျောင်းရဲ့ အသွင်အပြင် လက်ရာကတော့ ဂျာမန်ပုံစံဖြစ်ပြီး ၁၉၈၂ မှာ တည်ဆောက်ထားတာပါ။
ခရစ်တော်ရှင်ပြန်ထမြောက်တာ မယုံတဲ့ ပီတာ့ကို ကိုယ်ထင်ရှားပြခဲ့ရာ The Church of St. Peter’s Primacy
ဒီဘုရားကျောင်းလေး က ကမ်းခြေလေးလိုမျိုးလေး ပိုင်ဆိုင်ထားတာမို့ ဘုရားဖူးလာသူတွေက ဒီနေရာရောက်ရင် ကမ်းခြေဘက်ဆင်းပြီး ကျောက်တုံးလေးတွေ ကောက်တတ်ကြသေးတယ်။ ဒီဘုရားကျောင်းဟာ စိန့်ပီတာ (ရှင်ပေတရု) အတွက် အမှတ်တရဘုရားကျောင်းလို့လည်း ဆိုနိုင်ပါတယ်။ “တဖန် ယေရှုသည် တိဗေရိအိုင်နားမှာ တပည့်တော်တို့အား ကိုယ်ကို ပြတော်မူ၏။” (ယောဟန် ၂၁:၁)။ အဲ့ဒီရက်က ခရစ်တော်ရဲ့ ပေတရု အပါအဝင် တပည့်တော်အဝင်အချို့ဟာ အိုင်ထဲကို ငါးဖမ်းဖို့ သွားခဲ့ကြပေမဲ့ တစ်ညလုံးဖမ်းတာတောင် ငါးမရခဲ့ကြဘူး။ မနက်ရောက်တော့ ယေရှုဟာ ကမ်းခြေမှာ ရပ်ပြီးစောင့်နေတယ်။ တပည့်တော်တွေက မမှတ်မိကြဘူး (မထင်မိတာနေမှာပေါ့)။ စားဖို့ရှိသလားမေးတော့ မရှိကြောင်း ပြန်ဖြေကြတယ်။ အဲ့ဒီမှာ ယေရှုက လှေရဲ့ ညာဘက်ကို ပိုက်ကွန်ပစ်ချပါလို့ ဆိုတဲ့အတိုင်း ပေတရုတို့ လုပ်ဆောင်တဲ့အခါ ငါးတွေ ပိုက်ကို ပြန်မဆွဲနိုင်တဲ့အထိအောင် မိခဲ့တယ်။ ကမ်းပေါ်ရောက်တော့လည်း ခရစ်တော်က မုန့် နဲ့ ငါးကင်ကို ပြင်ဆင်ထားပြီး ဖြစ်လို့ သူတို့ဟာ အတူတကွစားသုံးကြရင်းမှ တပည့်တော်တွေဟာ ခရစ်တော် ရှင်ပြန်ထမြောက်ပြီး သူတို့နဲ့အတူရှိနေမှန်း သိကြတော့တယ်။ ဒါဟာ ၃ ကြိမ်မြောက် ကိုယ်ထင်ပြခြင်းလည်း ဖြစ်ပါတယ်။
ဒီနေရာလေးမှာ ခုတော့ Church of St. Peter’s Primacy ဆိုပြီး ဘုရားကျောင်းလေး ရှိနေပါပြီ။ ဘုရားကျောင်းအလယ်က ကျောက်စားပွဲကြီးဟာ ခရစ်တော်နဲ့အတူ တပည့်တော်တွေ စားသောက်ခဲ့တဲ့စားပွဲ ဖြစ်တယ်လို့ သိရပါတယ်။ မနက်စာစားပြီးတဲ့အခါ ခရစ်တော် က ရှိမုန်ပေတရု (Simon Peter) ကို မေးခဲ့ မိန့်ခဲ့တဲ့စကားက ခုထိတိုင် ယုံကြည်သူတွေကြားမှာ အမှတ်ရကြဆဲဖြစ်ပါတယ်။ “သင်သည် ငါ့ကို ချစ်သလော” “ငါ၏ သိုးသူငယ်တို့ကို ကျွေးမွေးလော့၊ ငါ၏ သိုးတို့ကို ထိန်းလော့။ ငါ၏ သိုးတို့ကို ကျွေးမွေးလော့။” ဆိုပြီး ယုံကြည်သူတွေကို သိုးနဲ့ ခိုင်းနှိုင်းလို့ စောင့်ရှောက်ထိန်းသိမ်းဖို့ မိန့်မှာခဲ့တာပဲ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ဒီနေရာကို လာလည်ရင် အထိမ်းအမှတ်ရုပ်တုကိုလည်း မြင်တွေ့ကြရဦးမှာပါ။
ယုံကြည်သူတွေကို သူ့ရဲ့ အမည်နာမကို တောင့်တဆုတောင်းရုံနဲ့ ကျန်းမာခြင်းအခွင့်တန်ခိုးတွေ၊ ခက်ခဲဆင်းရဲခြင်းမှာ သတိရဆုတောင်းသူတွေအတွက် ဝလင်စွာစားသောက်ရခြင်းအခွင့်တန်ခိုးတွေ ပြခဲ့တဲ့အကြောင်းကို ထင်ထင်ရှားရှား သိခဲ့ရပါတယ်။ ဒီခရီးစဉ်ဟာ ရှေ့မှာပြောခဲ့သလို ကျမ်းစာအချက်အလက်နဲ့ တိုက်ဆိုင်ပြီး လည်ပတ်သွားလာတာမဟုတ်ရင် ဘုရားကျောင်းပြီး ဘုရားကျောင်း၊ လူတွေ ရှုပ်ရှုပ်ထွေးထွေးနဲ့ ဆင်ခြင်ပြုမူရတာတွေ များပြားလို့ လွတ်လပ်ပေါ့ပါးမှု နည်းတဲ့ခရီးစဉ်အဖြစ် ထင်ကောင်းထင်စရာ ရှိပေမဲ့ တကယ်တော့ ထူးခြားလွန်းတဲ့ ခရီးစဉ်လို့ ဆိုပါရစေခင်ဗျာ။
အားလုံးပဲ ကပ်ရောဂါကြီးဘေးက ကင်းဝေးချမ်းသာ ရပါစေလို့ ဆုတောင်းပေးပါတယ်။ သီဟလုလင် (Thiha, the Traveller)
ယခု ခရီးသွားဆောင်းပါးအား Share လုပ်နိုင်ပါသည်။ ကျွန်တော်၏ တိုက်ရိုက် ခွင့်ပြုချက်မရှိဘဲ၊ ဤဆောင်းပါးစာ နဲ့ ဓါတ်ပုံများကို မိမိ အကောင့်မှာဖြစ်စေ၊ ပေ့ချ်တစ်ခုခုမှာဖြစ်စေ၊ Website နဲ့ အခြားမီဒီယာတစ်ခုခုမှာဖြစ်စေ ပြန်လည် ကူးယူဖော်ပြခြင်းများ မပြုပါရန် မေတ္တာရပ်ခံပါတယ်။ ပြန်လည် ကူးယူဖော်ပြခြင်းများကိုတော့ လုံးဝ ခွင့်မပြုပါ။
Photo :: Thiha Lu Lin Camera :: SONY Alpha 7II with 85mm Lens, Samsung Galaxy S9+ Photos are modified in Lightroom by Thiha Lu Lin.
Comments