ကလေးမြို့လေးဆီ ကျွန်တော် ဒုတိယမြောက်ပြန်ရောက်တော့ ပထမဆုံး စဉ်းစားမိတာ မြန်မာ - အိန္ဒိယနယ်စပ် တမူးမြို့လေးဆီ အလည်သွားဖို့ပါပဲ။ ဖေဖေ တာဝန်ကျဖူးတဲ့အရပ်လေးမို့ ကလေးပုစိလေးဘဝတုန်းက ရောက်ဖူးခဲ့ပေမဲ့ ဘာမှ မမှတ်နိုင်လောက်အောင် ငယ်တာမို့ သိပ်အလည်သွားချင်မိတာပါ။ တမူး ကို ကလေးမြို့ကနေ သွားလို့ အတော် အဆင်ပြေပါတယ်။ နေ့ချင်းပြန်တောင် သွားလို့ရတာမို့ ညအိပ်ညနေ မနေချင်တဲ့သူတွေလည်း အကြိုက်တွေ့နိုင်သလို၊ ညအိပ်ညနေ နေချင်သူတွေအတွက်လည်း အဆင်ပြေပြန်ပါတယ်။ တမူး နဲ့ ဟိုဘက် အိန္ဒိယ က မိုးရေးမြို့လေးအနီးဝန်းကျင်က လည်ပတ်လေ့လာစရာလေးတွေ အတော်အသင့်စုံလင်ပါတယ်။
ကဘော်ချိုင့်ဝှမ်းမြို့တော် တမူး
စစ်ကိုင်းတိုင်းဒေသကြီးရဲ့ မြို့တစ်မြို့ဖြစ်ပြီး မြန်မာ - အိန္ဒိယနယ်စပ်မြို့လေး အဖြစ်ရော ကုန်သွယ်ရာမြို့လေး အဖြစ်ပါ လူသိများထင်ရှားပါတယ်။ အရင်ကတော့ အိန္ဒိယပစ္စည်းတွေ သိပ်ဝယ်လို့ကောင်းတဲ့နေရာပေါ့။ တမူး ကို မဏိပူရပြည်နယ်၊ အာသံတောင်တန်းတွေ နဲ့ ချင်းပြည်နယ်၊ ချင်းတောင်တန်းတွေက ခြံရံထားကြပါတယ်။ ဒါကြောင့်လည်း ကဘော်ချိုင့်ဝှမ်းမြို့တော်လို့ တင်စားခေါ်ဝေါ်ကြကြောင်း သိမှတ်ခဲ့ရပါတယ်။ ဒီတစ်ဝှမ်းမှာက ရှမ်းစော်ဘွားတွေ နေထိုင်ခဲ့ရာအရပ်ဒေသတွေဖြစ်လို့ တမူးမှာလည်း စော်ဘွားတွေ အုပ်ချုပ်ခဲ့တဲ့အကြောင်း စာတွေမှာ လေ့လာတွေ့ရှိရပါတယ်။ ပထမဆုံး တမူးစော်ဘွားက စောခုံခန်း ပါ။ တမူးစော်ဘွားတွေ ဟာ မိုးကောင်းစော်ဘွာကြီးရဲ့ အဆက်တွေ ဖြစ်တယ်လို့ ဖတ်ရပြန်ပါတယ်။ ဒီ့မတိုင်ခင် ပုဂံခေတ်လောက်ကတည်းက တမူးမြို့ မဖြစ်ခင် နို့မလုံမြို့ ဖြစ်ခဲ့ပြီး ပျက်သုဉ်းသွားတဲ့အခါ အနီးမှာ တမူးမြို့အဖြစ် ရှင်သန်တိုးပွားလာတာ ဖြစ်ပါတယ်။ တမူးမြို့ ကို တွပ်မှူး ဆိုတဲ့ ခန္တီးရှမ်းဘာသာစကားကနေ ဆင်းသက်လာတယ်လို့ယူဆကြတဲ့အတွက် မြန်မာလို အဓိပ္ပါယ်က “လက်ခုပ်တီးကြိုဆိုခြင်း” လို့ ဆောင်ပါတယ်။ တမူးမှာ မြန်မာ၊ ရှမ်း၊ ကသည်း၊ ဂေါ်ရခါး နဲ့ ချင်းတိုင်းရင်းသားတွေ နေထိုင်ကြပါတယ်။
ရာသီဥတု
ပူနွေးစိုစွတ် ပါ။ ရာသီဥတု ပူတဲ့အပိုင်း ဖြစ်ပါတယ်။ မိုးလည်း ကျတတ်ပါတယ်။ ကလေး ကနေ တမူး သွားတဲ့ လမ်းမှာ မိုးများပြီး တမူးမှာတော့ မိုးသိပ်မများပြန်ပါဘူး။ ရာသီတိုင်း လည်ပတ်လို့ကောင်းတဲ့မြို့တစ်မြို့ ဖြစ်ပါတယ်။
ဘယ်လိုသွားမလဲ
တမူးမြို့ကို အလည်သွားမယ်ဆိုရင် ကလေးမြို့ကို အရင်သွားဖို့ စဉ်းစားရမှာပါ။ ရန်ကုန်ကနေဆို လေယာဉ်အားဖြင့် ၂ နာရီဝန်းကျင် စီးကြရပြီး ကားနဲ့ဆိုရင် တစ်ညနဲ့ တစ်နေ့ခွဲလောက် စီးကြရပါတယ်။ ကလေးမြို့ကနေ တဆင့် ကားငှားပြီးဖြစ်ဖြစ် လိုင်းကားနဲ့ ဖြစ်ဖြစ် သွားနိုင်ပါတယ်။ ကလေးမြို့ကနေ တမူးမြို့အထိကို ၈၃ မိုင် ၄ ဖာလုံခန့် ကွာဝေးပါတယ်။ လိုင်းကားတွေကတော့ ပေါင်မုန့်ကားပုံစံမျိုး ဖြစ်ပြီး ရှေ့ခန်း၊ အလယ်ခန်း၊ နောက်ခန်းပေါ်မူတည်လို့ ၈,၀၀၀ ကျပ် ကနေ ၃,၀၀၀ ကျပ် လောက်ထိ ရှိတယ်လို့ ကြားရပါတယ်။ မနက်၊ နေ့လည်၊ ညနေ စသဖြင့် အချိန်အတိအကျနဲ့ ထွက်တတ်ပြီး တည်းခိုရာအထိ လိုက်လံ ခေါ်ဆောင်ပေးပါတယ်။ ကျွန်တော်ကတော့ ကားစင်းလုံး ငှားသွားပါတယ်။ ဆလွန်းကားဆို နေ့ချင်းပြန် ၈၀,၀၀၀ ကျပ် နဲ့ ပါဂျဲဒိုးလို ကားတွေဆို ၁၂၀,၀၀၀ ကျပ် အထိ ပေးရတတ်ပါတယ်။ ညအိပ်ညနေဆို ဈေးနည်းနည်း ကွာပါမယ်။ ကားဝန်ဆောင်မှု လိုအပ်တယ်ဆိုရင် ကိုထွေး (၀၉ ၄၀၀၄၅၇၉၉၀) ဒါမှမဟုတ် ကိုဖိုးတုတ် (၀၉ ၄၄၀၃၅၃၃၀၃) တို့ကို ဆက်သွယ် အကူအညီ ရယူနိုင်ပါတယ်။
တမူး - မိုးရေး လည်ပစ်လိုက်မယ်
တမူးမြို့ကို သွားရတာ စိတ်ဝင်စားစရာက ကလေး - တမူး လမ်းကနေ စတာပါပဲ။ အရင်က သစ်စခန်းတွေနဲ့ သစ်ဆွဲဆင်ကြီးတွေ သွားလာကြရာ ဒီလမ်းမကြီး ဟာ Valley of Death သေမင်းတမန်တောင်ကြားလမ်း အဖြစ်လည်း ကျော်ကြားပါတယ်။ ဒုတိယကမ္ဘာစစ်တုန်းက အသေအပျောက်အရမ်းများခဲ့တဲ့ လမ်းဆိုပဲ။ ခုတော့ လမ်းအတော် ကောင်းနေပါပြီ။ လမ်းကတော့ ခပ်ကျဉ်းကျဉ်းပဲ၊ ဒါပေမဲ့ ကားနှစ်စီးရှောင်သာတယ်။ ကားနှစ်စီး ရှောင်မရတာက တံတားတွေပဲ။ နှစ်ဆွေးသံပေါင်တံတားတွေများစွာကို ဒီခရီးလမ်းမှာ တွေ့ရဦးမယ်။ အရှည်အတို စုံလင်တဲ့ တံတားတွေကို ဖြတ်ရတိုင်း ကျိုးမလား၊ ပြုမလား တွေးမိတတ်တာလည်း ပျော်စရာတစ်ခုပါ။ တချို့ အသုံးချဖို့ မသင့်သေးတဲ့ တံတားတွေဆိုရင်တော့ ရှောင်ကွင်းလမ်းလေး ဖောက်ပေးထားတယ်။ ဘေးဘီဝဲယာက ချင်းတောင်တန်းတွေ မြင်နေရတာလည်း အလှတစ်မျိုးပဲ။ ပြီးတော့ ကသည်း၊ ကိုကီးချင်း တို့ရဲ့ တစ်ဘက်နိုင်ငံက စစ်ပွဲလေးအကြောင်း ဗဟုသုတ ကားဆရာကြီးပြောသမျှနားထောင်ရင်း သွားရတာလည်း အရသာ တစ်ခုပေါ့။ ကဲ ဘယ်တွေလည်ကြမလဲ ကြည့်လိုက်ရအောင်။
မြောက်ယာဉ်စွန်းတန်း ဖြတ်တဲ့ နေရာ
ကလေး - တမူး လမ်းပေါ်မှာ မြောက်ယာဉ်စွန်းတန်းဖြတ်တဲ့နေရာကို ဆိုင်းဘုတ်အမှတ်အသားလေး လုပ်ပေးထားတယ်။ ငယ်ငယ်ကတော့ ပထဝီသင်ရင် မြေပုံမှာ မျဉ်းလေး ဆွဲကြရတယ်။ အပြင်မှာလည်း မျဉ်းလေး ရှိမယ်လို့ ထင်ခဲ့ဖူးတယ်။ တကယ်တော့ မမြင်ရသော မျဉ်းကြောင်းလေး တစ်ခုပေါ့။ ခု အဲ့ဒီနေရာလေးကို ရောက်တော့ ပျော်တဲ့စိတ်နဲ့ ဓါတ်ပုံလေး ရိုက်ယူခဲ့တယ်။ ဒီကိုလာလည်တဲ့ ပြည်တွင်းပြည်ပ ခရီးသွားတွေ ဒီနေရာလေးမှာ ဆင်းပြီး အမှတ်တရ ဓါတ်ပုံ ရိုက်ယူလေ့ရှိပါတယ်။
ရာဇဂြိုဟ်ဆည်
ကျွန်တော် ကလေးမြို့အကြောင်း ရေးခဲ့တုန်းကလည်း ဖော်ပြပြီး ဖြစ်ပါတယ်။ တမူးသွားတဲ့ လမ်းပေါ်မှာ လမ်းသင့်နေတာမို့ မရောက်ဖူးသေးသူတွေအနေနဲ့ တစ်ချက်ခုတ် နှစ်ချက်ပြတ် ဝင်လည်ပတ်နိုင်ပါတယ်။ ဆည်ရဲ့ အလှကို ခံစားရရုံပါ။ အရမ်းကြီး ထူးခြားနေတာမျိုးတော့ မရှိပါဘူး။
၅၆ မိုင် ယာဉ်နားစခန်း
ဒီလို ခေါင်းစဉ်တပ်လိုက်လို့ ကြီးကြီးကျယ်ကျယ် ထင်သွားဦးမယ်။ ကလေး - တမူးလမ်းပေါ်က ထမင်း နဲ့ အဆာပြေ စားဖို့ ကားတွေ ခဏနားကြတဲ့ နေရာပါ။ ရန်ကုန် - မန္တလေးလမ်းလို ဆိုင်ကြီးကြီးမားမား လှလှပပ တွေ မရှိပေမဲ့ ခရီးသွားတွေအတွက် အဆင်ပြေပြီး ဝင်ရောက်စားသုံး ခရီးတစ်ထောက်နားကြတဲ့နေရာ ဖြစ်ပါတယ်။ ဆိုင် ၅ ဆိုင်ဝန်းကျင်လောက် သတိထားမိပါတယ်။ သိပ်အများကြီးတော့ မဟုတ်ပါဘူး။
အောင်နိမိတ်တောင် နဲ့ အာလိန်ငါးဆင့်နန်းမြင့်ဘုံဆောင်
ကျွန်တော် တို့ တမူး ကို ၂ နာရီကျော်လောက် ကားမောင်းလာပြီးတဲ့နောက် ပထမဆုံး လည်ပတ်ဖြစ်တဲ့နေရာက အောင်နိမိတ်တောင် ဘုန်းကြီးကျောင်း ပါ။ တောင်ကုန်းလေးပေါ် ကားနဲ့ရော ခြေလျင်နဲ့ပါ တက်လို့ရပါတယ်။ ဘုန်းကြီးကျောင်းနဲ့အတူ စေတီနဲ့ ဆင်းတုတော်တွေလည်း သပ္ပါယ်စွာ တည်ထားပေးပါတယ်။ စောင်းတန်းလေးတွေမှာ လူငယ်အတွဲလေးတွေ လာပြီး ကြည်နူးနေကြပါတယ်။ ကျွန်တော်တို့ကတော့ ဝန်းထဲက အာလိန်ငါးဆင့်နန်းမြင့်ဘုံဆောင် ဆိုတဲ့ မျှော်စင်ပေါ် တက်ကြည့်ရင်း တမူးမြို့အလှကို အပေါ်စီး ခံစားခဲ့တယ်။ သစ်ပင်ကြီးတချို့က ခြုံလွှမ်းထားလို့ မြင်ကွင်းကတော့ သိပ်မကောင်းလှပေမဲ့ အဆင်ပြေပါတယ်။
မြို့လယ်က လှပတဲ့ တမူးမြို့ ဆိုင်းဘုတ်
ကဘော်ချိုင့်ဝှမ်းမြို့တော် တမူးမြို့ ဆိုတဲ့ မြို့ဆိုင်းဘုတ်ကြီးက မြို့လယ်လောက်မှာ ရှိနေတာလည်း ထူးခြားပါတယ်။ အဝင်တုန်းက ပုံမှန်မြင်နေကျ ဆိုင်းဘုတ် အနီတစ်ခုလည်း မြင်ခဲ့ရပြီး ဖြစ်ပါတယ်။ ခုဟာကတော့ ကြက်လျှာစွန်းပုံ ပန်းခြံလေးထဲ ထည့်ပြီးတည်ဆောက်ထားတာက အမြင်ဆန်းပြီး ခရီးသွားတွေအတွက် အမှတ်တရ ဓါတ်ပုံ ရိုက်ချင်စရာလေး ဖြစ်နေပါတယ်။
ဘိုးသီလနန်း
သီလ ပါနော်… သီဟ မဟုတ်ပါဘူး။ တမူးမြို့က ဘိုးသီလနန်း ကလည်း ထင်ရှားတဲ့ နတ်နန်းတစ်ခုပါ။ လမ်းဆုံလေးတစ်ခုမှာ တည်ရှိပြီး လာရောက်လည်ပတ်ကြသူနဲ့ ယုံကြည်သက်ဝင်သူများလည်း ရှိပါတယ်။ အနီးက မင်္ဂလာကန်တော်ဆီ အလည်သွားရင်းနဲ့ ဝင်ရောက်နိုင်ပါတယ်။
မင်္ဂလာကန်တော်
ကန်ကြီးက အနောက်က ကုန်းမြင့်လေးပေါ်မှာ ရှိတဲ့ ဘုန်းကြီးကျောင်း၊ စေတီ၊ အဆောက်အဦးမြင်ကွင်းတွေနဲ့ လှနေတယ်လို့ ခံစားရတယ်။ အရှေ့ကို ၂၁၀ ပေ၊ အနောက်ကို ၂၀၈ ပေ၊ တောင် ကို ၁၆၀ ပေ နဲ့ မြောက်ကို ၁၈၆ ပေ အသီးသီးရှိတဲ့ ကန်တော်ကြီးပါ။ အမှိုက်ပုံးလေးတွေ များများစားစား သေချာထားပေးထားတာလည်း ချစ်စရာ ဖြစ်နေပါတယ်။ ဓာတ်ပုံ ရိုက်ချင်သူတွေအတွက် နေရာကောင်းလေး တစ်ခု ဖြစ်တယ်လို့ ဆိုပါရစေ။
နတ်ရေကန်
မင်္ဂလာကန်တော် ရဲ့ တောင်ဘက်မှာ အာသောကမင်းကြီး ရဲ့ ကောင်းမှုတွေထဲက တစ်ခု ဖြစ်တဲ့ ရေကန်ကြီး ရှိပါသေးတယ်။ နတ်ရေကန် လို့ ခေါ်ပါသတဲ့။ ကျွန်တော်တော့ မရောက်ဖြစ်ခဲ့ပါဘူး။
ဗုဒ္ဓလေးဆူ
မင်္ဂလာကန်တော်ရဲ့ မျက်နှာချင်းဆိုင်မှာ ရှိတဲ့ ဗုဒ္ဓလေးဆူ ဟာလည်း ပုံစံတူ စေတီ လေးဆူ တတန်းတည်း တည်ထားတဲ့ ထူးခြားမှုလေးတစ်ခုကို တွေ့မြင်ဖူးမြော်ကြရမဲ့ နေရာ ဖြစ်ပါတယ်။ နောင်ပွင့်မဲ့ ဘုရားအတွက် အသေးလေး တစ်ဆူ တည်ထားပါသေးတယ်။
တမူး - မိုးရေး နယ်စပ်ဂိတ်များ
နယ်စပ်ဖြတ်ကျော် ဂိတ် နှစ်ခု ရှိပါတယ်။ ဒီနေရာမှာ နိုင်ငံခြားသားဧည့်သည် (အဖြူ) တော်တော်များများကိုလည်း သတိထားမိတယ်။ သူတို့က မြန်မာပြည်ဘက်ကနေ သွားတာ မဟုတ်ဘဲ၊ အိန္ဒိယဘက်ကနေ မြန်မာကို ဝင်လည်ကြတာပါ။ နှမျောစရာ။ အရင်ဆုံး ကျွန်တော်တို့ဟာ ပါဟဲချောင်းလေး ကို ဖြတ်ပြီး တံတားဆောက်ထားတဲ့ နယ်စပ်ဖြတ်ကျော်နေရာလေးကို သွားပါတယ်။ အတွင်းထိ မလည်မှာမို့ နယ်စပ်ဖြတ်ကျော်ကြောင်း အသိမပေးတော့ဘဲ၊ အိန္ဒိယဘက်ခြမ်းက ကျောက်ထုတ်လုပ်သားတွေ တဲထိုးနေရာဝန်းကျင်ကနေတဆင့် အောက်ဘက် ချောင်းထဲဆင်းလို့ ဓါတ်ပုံရိုက်ကြပါတယ်။ နယ်စပ်ဖြတ်ကျော်တံတားက တံတား တစ်စင်း ထဲမှာကို အရောင်က နှစ်ရောင် ဖြစ်နေတာ သတိပြုမိကြလိမ့်မယ်။ အလယ်တည့်တည့်မှာ အရောင်ကွဲနေတာပါ။ အဝါက မြန်မာခြမ်း ဖြစ်ပြီး အဖြူက အိန္ဒိယခြမ်း ဖြစ်ပါတယ်။
နန်းဖာလုံဈေး
ဒီမှာတော့ တရုတ်၊ ထိုင်းပစ္စည်းတွေနဲ့ အိန္ဒိယပစ္စည်းအချို့ စုံပါတယ်။ ဈေးကြီးတစ်ခုပါ။ တစ်ဘက်နိုင်ငံထက်တောင် ဈေးက လူစည်ကားပါတယ်။ ဒီဈေးကနေ ဖြတ်ပြီးပဲ နယ်စပ်ဂိတ်ကို သွားကြရတာပါ။
အခြားလည်ပတ်စရာနေရာများ
တမူးအနီးဝန်းကျင်မှာ ဒီနှစ်ပိုင်းကျမှ ဘုရားစေတီအသစ်တည်တာမျိုးဖြစ်လာတယ်လို့ ဆိုကြပါတယ်။ ကျွန်တော်ကတော့ ဟိုးကတည်းက အသစ်တည်တာမျိုး သိပ်စိတ်မဝင်စားခဲ့တော့ လည်ပတ်တာမျိုး သိပ်မလုပ်ဖြစ်ခဲ့ပေမဲ့ အကယ်လို့ စာဖတ်သူတွေ ရောက်လက်စနဲ့ လည်ချင်တယ်ဆိုရင် လည်နိုင်ဖို့ ပြောပြပေးချင်ပါတယ်။
မစိန်ဘုန်းကြီးကျောင်း က တမူးပုဂံဘုရားများ (တမူးနန်းဖာလုံ သွားတဲ့ အာရှလမ်းမကြီးဘေးက ကုန်းလေးအတိုင်း တက်သွားရင်ရောက်)
နတ်သမီးရေကန် (မြို့ရှောင်လမ်း ကျောက်လမ်းလေးအတိုင်းသွားရင်ရောက်)
Border Pass လုပ်ရသလား? ဘယ်နိုင်ငံ ငွေကြေးသုံးသလဲ?
သီးသန့် လုပ်စရာ မလိုပေမဲ့ အိန္ဒိယဘက်ခြမ်းက Immigration ကို ဖြတ်ရင် သူတို့က မှတ်ပုံတင် တောင်းပါလိမ့်မယ်။ ပြီးရင် သူက သိမ်းထားပြီး နံပါတ်ပြားလေး တစ်ပြား ထုတ်ပေးပါလိမ့်မယ်။ အဲ့ဒါ အသက်ပါ။ သေချာ သိမ်းထားရပါတယ်။ ပြန်ရင် အဲ့ဒီ နံပါတ်ပြားလေးနဲ့ ကိုယ့်မှတ်ပုံတင်ကို ပြန်ရွေးရပါတယ်။ အဖွဲ့လိုက် ဆိုရင် အားလုံးရဲ့ မှတ်ပုံတင်တွေ စုပေးလိုက်ပြီး ကတ်ပြားတစ်ခုတည်း ယူလို့ရပါတယ်။
ငွေကြေးကတော့ နယ်စပ်နှစ်မြို့စလုံးမှာ ရူပီးရော၊ ကျပ်ရော သုံးစွဲပါတယ်။ ဟိုဘက်မှာ ကျပ်နဲ့ သုံးစွဲရင် ဈေးနည်းနည်း ပိုပေးရတတ်ပါတယ်။ ငွေဈေးအတက်အကျရှိလို့ သူတို့ကလည်း ပိုပိုသာသာ တွက်ယူကြလို့ပါ။
မိုးရေး တစ်ခွင်
အိန္ဒိယနယ်စပ်ကနေ မိုးရေးဘက် ရောက်ပြီဆိုရင် တုတ်တုတ်သမားတွေ က တန်းစီပြီး ဈေးခေါ်ပါလိမ့်မယ်။ ကသည်းလူမျိုး အများစုဖြစ်ပြီး မြန်မာလို နည်းနည်းပါးပါးကနေ အတော်ကျွမ်းကျင်ကြတဲ့အထိ ရှိပါတယ်။ လည်ပတ်စရာ ၄ - ၅ နေရာလောက်ကို မြန်မာငွေ ၈၀၀၀ ကျပ် ပေးရပါတယ်။ သူတို့ ပါတော့ ပိုအဆင်ပြေသလို ဈေးလည်း အသင့်အတင့်ပဲလို့ ယူဆမိပါတယ်။ ဒီဘက် နယ်စပ်ဂိတ်ကနေ စ ဝင်ဝင်ချင်း ဓါတ်ပုံရိုက်တာကို လက်မခံပါဘူး။ သတ်မှတ်ထားတဲ့ နေရာကျော်မှ စပြီး ရိုက်လို့ရပါတယ်။ အဲ့ဒီဝန်းကျင်မှာတော့ အိန္ဒိယထုတ်ကုန် စားသောက်ကုန်မျိုးစုံကို တွေ့ရပါမယ်။ ကျွန်တော်တို့ကတော့ ဈေးဝယ်ထွက်တာထက် လည်ပတ်ဖို့ပဲ အာသီသ ပိုရှိနေလို့ တုတ်တုတ်လေးနဲ့ အပြေးသွားလိုက်ကြတယ်။ မိုးရေးမြို့ထဲ လမ်းလျှောက်လည်ပတ်မယ်ဆိုရင်တော့ သတိပြုစရာက ယာဉ်ကြောစနစ်က ကျွန်တော်တို့ နိုင်ငံနဲ့ ပြောင်းပြန်မို့ ယာဉ်မတော်တဆ ထိခိုက်မိတာ ဖြစ်နိုင်တဲ့အတွက် ယာဉ်ကြော ဘယ်ညာအပြောင်းအလဲကို သတိပြုဖို့လိုအပ်ပါတယ်။
ကသည်းဘုရားကျောင်း
ကသည်းဘုရားကျောင်း ဆိုတော့ စိတ်ဝင်စားစရာပေါ့။ ကသည်းတို့ရဲ့ ရိုးရာကိုးကွယ်ယုံကြည်မှုက သီးသန့်သဘောဆောင်နေတယ်။ သူတို့ရဲ့ နတ်ဘုရားရုပ်တုတွေကို သေချာလေ့လာကြည့်ပေမဲ့ မသည်းကွဲလှဘူး။ ဟိန္ဒူနဲ့လည်း ဆင်သလိုလိုပဲ။ နဖူးထိပ်မှာ အနီတို့တာကအစ တူတယ်ထင်ရတယ်။ ပြီးတော့ ဘုရားကျောင်းမှာ အကြီးအကဲ တစ်ဦးရှိပြီး လူတွေကို ကူညီပေးနေတာမျိုး ရှိတာလည်း တူတယ်။ ဘယ်လို ကွဲပြားသလဲတော့ ကျွန်တော်လည်း သေချာလေ့လာခွင့်မကြုံသေးလို့ မရှင်းပြနိုင်သေးပါဘူး။ ဒီနေရာကို လာပြီး ရိုးရာယုံကြည်မှုတွေ လေ့လာခွင့်ရခဲ့ပါတယ်။
ကသည်းလူမျိုးဆိုတာ
ဒီနေရာလေးမှာ ကြုံကြိုက်လို့ ကသည်းလူမျိုးအကြောင်းကို ပြန်လည်ဝေမျှချင်ပါတယ်။ ဒီအချက်အလက်ကိုတော့ ညီမငယ်တစ်ဦး မဖူးပွင့်သင်း ဆိုကနေ ရရှိပါတယ်ခင်ဗျာ။
ကသည်းလူမျိုးတွေက အိန္ဒိယ အရှေ့မြောက်ပိုင်း Manipur ပြည်နယ် (မဏိပူရပြည်နယ်) မှာအနေများကြပါတယ်။ ကုန်းဘောင်ခေတ်ကတည်းက မြန်မာပြည်မှာလည်း ကသည်းလူမျိုးအနွယ်တွေ ရှိတယ်လို့ ဆိုပါတယ်။ ခုချိန်မှာ ကသည်းအနွယ်ဝင် တချို့လည်း မြန်မာပြည်ဘက်မှာ ရှိနေတုန်းလို့ ယူဆမိပါတယ်။ ကသည်းအများစုဟာ အိန္ဒိယနိုင်ငံထဲမှာနေ
ပေမဲ့ မြန်မာတွေမြင်နေကျ အိန္ဒိယအနွယ်ဝင်ပုံစံမျိုး မဟုတ်ကြဘဲ တိုင်းရင်းသားတစ်မျိုးအသွင် ရှိပါတယ်။ ကသည်းလူမျိုးတွေဟာ Sino-Tibetan အုပ်စုထဲက ဆင်းသက်လာတယ်လို့ ဆိုပါတယ်။ အိန္ဒိယနိုင်ငံက Manipur ပြည်နယ်၊ Naga Land ပြည်နယ်၊ Mizoram ပြည်နယ် Assam ပြည်နယ်တို့လို အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းပြည်နယ်တွေမှာ နေထိုင်ကြပြီး ပုံသဏ္ဍာန်ရုပ်ရည်အားဖြင့် မြန်မာနိုင်ငံက ချင်းတိုင်းရင်းသားတွေရဲ့ ရုပ်ရည်မျိုး ဆင်တူပါတယ်။ အရှေ့မြောက်ပိုင်းပြည်နယ်တွေဟာ အိန္ဒိယပြည်မနဲ့ ထိစပ်မှု နည်းပါးလို့လည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။
ကိုးကွယ်ယုံကြည်မှုအနေနဲ့ ကသည်းလူမျိုးတွေဟာ သီးခြားဘာသာ တစ်ခုကို ကိုးကွယ်ကြပြီး Sanamahism လို့ ခေါ်ကြပါတယ်။ ကသည်းထဲမှာလည်း ခရစ်ယာန်၊ ဟိန္ဒူ ဘာသာ ကိုးကွယ်သူတွေလည်း ရှိသလို ဗုဒ္ဓဘာသာကိုးကွယ်သူ အနည်းငယ်လည်း ရှိပါတယ်။
ဇဗ္မူဒီပါ မြန်မာဘုန်းကြီးကျောင်း
အိန္ဒိယဘက်ခြမ်းမှာရှိနေတဲ့ မြန်မာဘုန်းကြီးကျောင်းနဲ့ စေတီတော်ဆီလည်း ဝင်ပြီး လေ့လာဖြစ်ခဲ့တယ်။ ဒါကိုလည်း သူတို့က တကူးတက လိုက်ပြရှာပါတယ်။ သိပ်ပြီး ထူးခြားတာ မရှိလှပေမဲ့ လည်ပတ်စရာနေရာတစ်ခုတော့ ဖြစ်တယ်။ ကျွန်တော်ကတော့ လမ်းမှာ မြင်တွေ့ရတဲ့ ကသည်းရပ်ကွက်ရဲ့ လူနေထိုင်မှုပုံစံတွေနဲ့ သူတို့ရဲ့ ဝတ်စားဆင်ယင်ပုံတွေကို ပိုလေ့လာ မိပါတယ်။
ဆုတောင်းတောင်
ကူကီးခရစ်ယာန်ဘာသာဝင်တွေရဲ့ ဆုတောင်းတောင် ဆိုတာလည်း ရှိပါသေးတယ်တဲ့။ ကျွန်တော် မရောက်ဖြစ်ခဲ့လို့ ရောက်ရင် ဝင်လည်ခဲ့ပါဦး။ အဲ့ဒီမှာတော့ မိုးရေးတစ်မြို့လုံးရဲ့ ရှုခင်းကို ကောင်းကောင်းမြင်ရသလို လေညင်းခံလို့ အရမ်းကောင်းတယ် ဆိုပါတယ်။
ဟိန္ဒူဘုရားကျောင်း
ပုံမှန်ဘုရားကျောင်းတစ်ခုပါပဲ။ ဟိန္ဒူဘုရားကျောင်းတွေရဲ့ ထုံးစံအတိုင်း အရောင်အသွေးစုံတော့ ဓါတ်ပုံ ရိုက်ချင်စရာတော့ ဖြစ်တာပေါ့။ ကျွန်တော်ထင်ပါတယ် မိုးရေးမှာ ဒီ့ထက်လည်ပတ်စရာတွေ ရှိနိုင်သေးပေမဲ့ သေချာ မဖော်ထုတ်ဖြစ်တာများလားပေါ့။ ခုတော့ လာတဲ့ ဧည့်သည်တွေကို ဒီလို ဘာသာရေးအဆောက်အဦးတွေပဲ ခေါ်ပြစရာတော့ ဖြစ်နေတယ်။ ဒါတောင် သူက ဒီမှာရှိတဲ့ အာရ်စီ ဘုရားကျောင်းတွေကို လိုက်ပို့ဖို့ ကျန်သွားခဲ့လို့ မဟုတ်ရင် ကျွန်တော်ဟာ ဘာသာပေါင်းစုံ ချစ်ကြည်ရေး အတွက် ကွင်းဆင်းလေ့လာနေသလို ဖြစ်နေတော့မှာ အမှန်ပဲ။
တမူး က (ချင်း) ဂျင်းလက်ဖက်ရည်
ဂျင်း ဆိုလို့ ဟိုလို မဟုတ်မဟတ်လုပ်တဲ့ ဂျင်း ကို မဆိုလိုဘူးနော်။ တကယ့် ဂျင်း၊ ဘုရားစူး ဂျင်း (စာလုံးပေါင်းသတ်ပုံအမှန်အရ ချင်း ပေါ့။ တော်ကြာ ချင်းလူမျိုးတွေရဲ့ လက်ဖက်ရည်လည်း ထင်မယ် စိုးရသေးတယ်။)။ ဂျင်းနဲ့ ဖျော်တဲ့ လက်ဖက်ရည်ဟာ လည်ချောင်ထဲကို ပူနွေးနွေးလေးနဲ့ မစပ်တစပ်လေး ဆင်းသွားတယ်။ လျှာပေါ်မှာ ချိုစိမ့်စိမ့် အရသာလေးနဲ့ ပူရှိန်းရှိန်း ဖြစ်ကျန်ခဲ့တယ်။ ရင်ဘတ်ထဲမှာ နွေးသွားပြီး ရင်ချောင်သွားတဲ့ ခံစားမှုမျိုးကို ပေးစွမ်းတယ်။ ဒါကြောင့်လည်း ဒီဒေသက ဂျင်းလက်ဖက်ရည်က အတော်နာမည်ကြီးတာကိုး လို့ မှတ်ချက် ပေးမိပါတယ်။ ခုဆို ချင်း (ဂျင်း) လက်ဖက်ရည်ဆိုင်တွေ တမူးမှာ အတော်များလာပါပြီတဲ့။ တမူးနဲ့ ချင်းလက်ဖက်ရည် တွဲသိသွားတာလည်း တစ်မျိုးကောင်းပါတယ်။ ဆိုင်တွေအနေနဲ့တော့ ပါဝါ စားသောက်ဆိုင်ရှေ့ တရားရုံးမျက်စောင်းထိုးက ဆိုင်တို့၊ AYA ဘဏ်လမ်းကြား ပြုံးသူရိန်ဆိုင် မျက်စောင်းထိုးက နေပါလီဆိုင် (နေပါလီချစ်တီးဆိုင်) တို့ မှာလည်း ကောင်းတယ်လို့ ဆိုပါတယ်။
ညအိပ်ညနေ နေလိုသူများနဲ့ စားသောက်လိုသူများ အတွက်
ညအိပ်မယ်ဆိုရင်တော့ ဖြစ်နိုင်ရင် မိုးရေး မှာထက် ဒီဘက် တမူးမှာပဲ အိပ်တာ ပိုလုံခြုံပါတယ်။ တည်းခိုခန်း သန့်သန့်လေးတွေလည်း များပါတယ်။ စားသောက်ဆိုင်လည်း စုံတယ်။ မြန်မာထမင်းဟင်းကနေ ဟိန္ဒူ သက်သတ်လွတ် ဖက်ထမင်းတွေအထိ အစုံရနိုင်တယ်။ စားသောက်ရမဲ့ စာရင်းထဲမှာ မဖြစ်မနေ မိုးရေးက ခပ်စပ်စပ် ကသည်းထမင်းဟင်းတွေ စားခဲ့ဖို့ ဒေသခံတွေက အကြံပြုသလို တမူးဘက်က ရေဆယ်မုန့်ဟင်းခါး ကိုလည်း စားဖြစ်အောင် စားခဲ့ဖို့ တိုက်တွန်းကြပါတယ်။ တမူးရေဆယ်ကတော့ နာမည်ကြီး မနက်စာဖြစ်ပါတယ်။ ဈေးဘက်ခြမ်းမဟုတ်တဲ့ ဘောလုံးကွင်းနောက်ဘက်က ဆိုင်လေး စားကောင်းတယ်ဆိုလား တစ်ယောက်ပြောပြတာ တွေ့မိတယ်။ ပြီးတော့ မိုးရေး ဘက်က ကွမ်းယာအချိုကလည်း နာမည်ကြီးပါတယ်။ ကျွန်တော်တို့ ရန်ကုန် ဘားလမ်းတစ်ဝိုက်မှာ ရောင်းတဲ့ ကွမ်းယာလိုမျိုး ရောင်စုံအချိုအစုံအစိနဲ့။
အိမ်ပြန်လက်ဆောင်
အပြန်လက်ဆောင် ဝယ်မှ ကျေနပ်သူများအတွက် ဒီဘက်မှာတော့ မျောက်ငိုသီးတွေ ပေါတယ်။ ဓညင်းသီးလိုမျိုးလေး။ အိမ်မှာတော့ ဟိုးကတည်းက စားကြ ကြိုက်ကြတယ်။ ကျွန်တော်ကတော့ မကြိုက်။ တမူးကနေ ပြန်လာရင် လမ်းမှာ တွေ့ရတတ်တဲ့ မျှစ်ချိုးရောင်းတာလေးတွေ ပြီးတော့ မျှစ်ပေါင်း။ မျှစ်ပေါင်းကတော့ ပုစွန်ခြောက်လေး၊ အသားလေးတွေနဲ့ ပေါင်းထားတာမျိုးမို့ စားကောင်းတယ်။ ဝယ်စားကြည့်စေချင်ပါတယ်။ ဒါလေးတွေ အိမ်ပြန်လက်ဆောင် သယ်ပါလို့ အကြံပြုချင်ပါတယ်။
စုစုပေါင်းကုန်ကျနိုင်ဖွယ်လေး တွက်မယ်ဆို
ကိုယ့်ခရီးစဉ်အတွက် ကြိုတင်ပြင်ဆင်နိုင်ဖို့ တွက်ကြည့်လို့ရအောင် ရေးပေးလိုက်ပါတယ်။
ရန်ကုန် - ကလေး လေယာဉ်ခ :: 208,000 Ks
ကလေး ဟိုတယ် တစ်ညအိပ် :: 26,000 Ks
ကလေး - တမူး+မိုးရေး - ကလေး ကားစီးလုံးငှား :: 80,000 Ks
(လိုင်းကား စီးရင် - ရှေ့ခန်း အသွားအပြန် :: 16,000 Ks)
မိုးရေး တုတ်တုတ် ငှား :: 8,000 Ks
နေ့လည်စာ၊ ရေသန့်၊ ပူရီ နဲ့ ဂျင်းလက်ဖက်ရည် (တမူး) :: 5,000 Ks
အကြမ်းဖျဉ်း အဲ့လောက်ရှိပါတယ်။
တမူထူးခြားတဲ့ တမူးမြို့ နဲ့ တစ်ဘက်အိန္ဒိယက မိုးရေး အထိ ခြေဆန့်လိုက်တဲ့အခါ ကျွန်တော် တို့ မြန်မာနိုင်ငံက ပိုပြီး ချစ်စရာကောင်းနေသလားလို့ တွေးမိတယ်။ ကိုယ့်ငါးချဉ် ကိုယ်ချဉ်တယ်ပြောပြော ပိုစိမ်းလန်းတယ်။ ပိုပြီး အပြုံးချိုတယ်။ ပိုရင်းနှီးတယ်။ ပိုရိုးရှင်းကြတယ်။ ဟိုဘက်ခြမ်းမှာ တခါတရံ ခန့်မှန်းရခက်တဲ့ ပုံစံမျိုး သူတို့မျက်နှာတွေပေါ်မှာ ရှိနေကြတယ်လို့ ခံစားရတယ်။ ဘာပဲဖြစ်ဖြစ် အိန္ဒိယနိုင်ငံကို မလည်ပတ်ဖြစ်သေးရင် သူတို့ရဲ့ အငွေ့အသက်တွေ အပြည့်နီးပါးလောက် သက်ဝင်နေတဲ့ ဒီနယ်စပ်မြို့လေးကနေ တဆင့်လည်း တစ်နိုင်ငံလုံးကို ခန့်မှန်းနိုင်စေတာမို့ တမူးမြို့လေးကို အလည်ထွက်ရင်း အိန္ဒိယနယ်စပ်မြို့လေးကိုပါ လည်ပတ်နိုင်ဖို့ ရေးသားတင်ပြပေးလိုက်ရပါတယ်ဗျား။
အားလုံးပဲ အစဉ်ဘေးကင်းလုံခြုံ ကျန်းမာ ပြည့်စုံ ပျော်ရွှင်စွာ ခရီးသွားနိုင်ကြပါစေ။
သီဟလုလင် (Thiha, the Traveller)
ယခု ခရီးသွားဆောင်းပါး နှင့် ဓါတ်ပုံများအား ကျွန်တော်၏ တိုက်ရိုက် ခွင့်ပြုချက်မရှိဘဲ၊ မည်သည့် မီဒီယာ၊ Website နှင့် လူမှုကွန်ယက်ပေါ်တွင်မှ ပြန်လည် ကူးယူဖော်ပြခြင်းများကို လုံးဝ ခွင့်မပြုပါ။
Photo :: Thiha Lu Lin, Nay Myo
Camera :: SONY Alpha 7II with 16 - 35mm Lens
Photos are modified in Lightroom by Thiha Lu Lin
Comments