ချင်းပြည်နယ်ကို အလည်သွားမယ်ဆိုရင် အရင်ဆုံး ချင်းပြည်နယ်ရဲ့အထင်ကရနေရာလေးတွေက တန်းစီပြီး ခေါင်းထဲ ပေါ်လာတယ်။ နတ်မတောင်၊ ရိဒ်ရေကန်၊ ဘုံတလာရေတံခွန်၊ ကနေဒီတောင်၊ စသဖြင့်ပေါ့။ ချင်းပြည်နယ် တောင်ပိုင်းကို နှံ့သလောက် အလည်ရောက်ဖူးခဲ့တော့ ကျွန်တော် ဟာ ဒီနှစ်ထဲ ချင်းပြည်နယ် မြောက်ပိုင်းကို အတော်လေး သွားချင်စိတ်ဖြစ်မိပါတယ်။ ဒီဆန္ဒလေး ပြည့်ဝတဲ့ တစ်နေ့မှာတော့ ကျွန်တော် မြင်ချင်လှတဲ့ ချင်းတောင်တန်းကြီးတွေကို တအံ့တသြ တခမ်းတနား မြင်ခွင့်ရလိုက်တယ်ပေါ့ဗျာ။
ကလေးမြို့လေးမှသည် ချင်းပြည်ဆီ
ချင်းပြည်နယ် မြောက်ပိုင်း ရဲ့ အဓိက ဝင်ပေါက်ကတော့ တောင်ခြေမြို့လေးလို ဖြစ်နေတဲ့ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့လေးပါ။ ကလေးမြို့လေးကနေ တစ်ဆင့် ကားတွေနဲ့. ချင်းတောင်တန်းပေါ်ကို ရင်တဖိုဖို သွားလာကြရပါတယ်။ ကျွန်တော် သွားခဲ့တဲ့ ပြီးခဲ့တဲ့ လတုန်းက လမ်းအတော် ကောင်းနေပြီဆိုတဲ့ အခြေအနေမှာတောင် တောင်ပြိုမြေပြိုတာမျိုး ရှိတတ်သေးတော့ ဘေးမှာ ချောက်ကြီးကို အသည်းတယားယား ဖြတ်ကျော်ရတာမျိုးပါ။ ခု လမ်းကတော့ အတော်လေး ကောင်းပြီး၊ ကျယ်လည်း ကျယ်နေပြီမို့ အရင်လို ဒုက္ခသုက္ခ ခက်ခက်ခဲခဲ သွားကြရမှာမျိုးတော့ မဟုတ်တော့ပါဘူး။ ဒါပေမဲ့ လမ်းပိုင်းတချို့ကတော့ ပြုပြင်ဖို့ ကျန်နေတုန်းပါ။ ကျွန်တော့်ရဲ့ ခရီးစဉ်က တီးတန် နဲ့ ရိဒ်ရေကန် ဘက်ကို လည်ပတ်ဖို့ အဓိကမို့ ကလေးမြို့ကနေ မနက် ခပ်စောစောလေး ထွက်လာခဲ့တယ်။ တီးတိန်နဲ့ အချိန်အားဖြင့် ၃ နာရီခန့်ပဲ ကားမောင်းရပါတယ်။ ကားကောင်းကောင်းနဲ့ နယ်မြေကျွမ်းကျင်သူမို့ အချိန်တိုအတွင်း အန္တရာယ် ကင်းကင်း ရောက်ခဲ့တာလို့ ဆိုချင်ပါတယ်။ ကိုယ့်ကားကိုယ် မောင်းကြမဲ့ သူတွေကိုတော့ တောင်တက်တောင်ဆင်း အထူး သတိရှိစေချင်ပြီး စက်ကို ပုံအော ယုံတတ်တဲ့စိတ်၊ ဘရိတ်ကိုပဲ အားကိုး အသက်အပ်ထားချင်တဲ့ စိတ်လေး လျှော့ပြီး သေချာ ထိန်းလို့ မောင်းနှင်ဖို့ အကြံပြုချင်ပါတယ်။ ကလေးကနေ တက်လာပြီး သိုင်းငင်ရွာရောက်ရင် ညာဘက်သွားတာနဲ့ တီးတိန်ကို ရောက်ပါမယ်။ ဘယ်ဘက်ဆိုရင်တော့ ဖလမ်း ကို ရောက်မှာပါ။
ဘယ်လိုသွားမလဲ
ကလေးမြို့ကနေ ကားငှားသွားလို့ရပါတယ်။ ကားဝန်ဆောင်မှုလိုအပ်တယ်ဆိုရင် ကိုထွေး (ဖုန်း - ၀၉ ၄၀၀၄၅၇၉၉၀) ကို ဆက်သွယ်အကူအညီတောင်းခံနိုင်ပါတယ်။
တိမ်တွေပေါ်က မြို့လေး တီးတိန်
အချိန် ၃ နာရီလောက် ပေးပြီး သွားရတယ် ဆိုပေမဲ့ လမ်းတလျှောက် ချင်းရိုးရာမပျောက်ပျက်သေးတဲ့ ရွာကြီး ရွာလေးများစွာကို ဖြတ်သန်း သွားလာရတာမို့ ပျင်းစရာ မကောင်းနေသလို၊ ချင်းတောင်တန်းကြီးတွေပေါ် ကားစီးသွားနေရတဲ့ ခံစားချက်နဲ့ မြင်ကွင်းက စပြီး ရောက်လာတဲ့ ခရီးသွားတိုင်းကို တအံ့တသြ ငေးမောနေရစေပါတယ်။ တောင်စောင်းမှာ ဆောက်ထားတဲ့ ချင်းရိုးရာအိမ်ဆောက်ပုံနဲ့ အိမ်လေးတွေကို အသည်းတယားယား ဝင်လေ့လာနိုင်သေးတယ်။ တောင်လေးတွေပေါ်မှာ ကားလမ်းကို ရစ်ကာ ဝေ့ကာ ဖောက်ထားတာကို အဝေးက မြင်ရရင်း အဲ့ဒီကို သွားရမှာပါလား၊ ဝေးလှချေလား၊ နီးလှချေလား ဆိုတဲ့ စိတ်ကူးလေး ပျံ့ပြီး ခရီးသွားအိပ်မက် မက်ခွင့်ရကြပါတယ်။
တိမ်ညင်း လို့လည်း ခေါ်ခဲ့ကြတဲ့ တီးတိန်မြို့လေးကို အသွားမှာလည်း လည်ပတ်လေ့လာစရာများသလို တီးတိန်မြို့ဝန်းကျင်မှာလည်း စိတ်ဝင်စား လည်ပတ်စရာများပါတယ်။ တီးတိန်မြို့ကို ခရစ်နှစ် ၁၅၅၀ မှာဒိုတိမြောက်ဂွီးမာန် က မြို့တည်ခဲ့တယ်လို့ ဆိုပါတယ်။ တီးတိန်မြို့ဟာ ၁၈၈၆ ခုနှစ်မှာ အင်္ဂလိပ်လက်အောက်ကျရောက်ခဲ့ပြီး နောက်ပိုင်းမှာ နယ်ခြားဝန်ထောက် အုပ်ချုပ်ခံ နယ်မြေ ဖြစ်လာပါတယ်။ တီးတိန်ဝန်းကျင်မှာ ရွာပေါင်း ၁၂၉ ရွာလောက် ရှိသေးပြီး ချင်းလူမျိုးကွဲများစွာ နေထိုင်ကြပါတယ်။
ကျွန်တော် မြင်ခဲ့တဲ့ တီးတိန်မြို့လေးကတော့ စည်စည်ကားကားလေးနဲ့ ချစ်စရာပါ။ မနက်ပိုင်း ၉ နာရီဝန်းကျင်လောက် စရောက်ခဲ့တာမို့ မိုးတွင်းကာလမှာတောင် အေးမြမြနဲ့ နေမပွင့်ချင် ပွင့်ချင်လေး ဖြစ်နေတယ်။ ခြေတံရှည်တောင်စောင်းအိမ်လေးများစွာနဲ့ တောင်အဆင့်ဆင့်မှာ ခေတ်မီ တိုက်တာ နဲ့ ရိုးရာမပျက်အိမ်များစွာကို ချစ်စရာ တွေ့ခဲ့ရပါတယ်။
တီးတိန်ဝန်းကျင် လည်ပတ်စရာများ
တီးတိန်ဝန်းကျင် လည်ပတ်စရာလေးတွေကို တီးတိန် ရောက်ရင် လည်ပတ်နိုင်ဖို့ စုစည်းတင်ပြပေးချင်သလို၊ တီးတိန်ရောက်ဖူးသူများလည်း ပြန်ပြီး အမှတ်တရလေးတွေ ခံစားရစေဖို့ ရည်ရွယ်ပါတယ်။
လေထန်ကုန်း
ကလေးမြို့အကြောင်းရေးတုန်းက လေထန်ကုန်း မပါလို့ဆိုပြီး ဝိုင်းပြောကြတယ်။ တကယ်တော့ ကလေးမြို့ ကနေ လေထန်ကုန်း ရောက်ဖို့ အတော် သွားယူရတာပါ။ ပြောရရင် တီးတိန်ဆီသွားတဲ့ လမ်းတစ်ဝက်လောက်တောင် ဖြစ်မယ်။ လေထန်ကုန်းမှာ ထူးထူးခြားခြားလည်း ပြစရာ မရှိပေမဲ့ လေကောင်းတဲ့အချိန်ဆို တောင်အောက်က လေပင့်တိုက်တာမို့ ဘာပစ္စည်းချချ ပြန်တက်လာတာမျိုးကို မြင်ကြရတယ်လို့ ဆိုပါတယ်။ ထင်ရှားတဲ့ အမှတ်အသားအဖြစ် တောင်ဇလပ်ပင်တချို့တွေ့ရတယ်။ လက်ဝါးကပ်တိုင်အကြီးကြီး စိုက်ထူထားပြီး ကျမ်းချက် ရေးသားထားတယ်။ ရှုခင်းကတော့ ကိုယ်တွေလို မြေပြန့်သားတွေအတွက် အံ့မခန်း လှချက်ကြီးပါဗျာ။
ကနေဒီတောင်
ကလေး - တီးတိန်လမ်းကနေ ကနေဒီတောင် ရဲ့ အလှကို အဝေးမြင်ရသလို၊ တောင်ပေါ်တက်ချင်ရင်လည်း သွားလည်ပတ်နိုင်ပါတယ်။ ကလေးမြို့ကနေ တိုက်ရိုက်တက်နိုင်ဖို့လည်း ကြိုးစားနေကြတယ်လို့ သိရပါတယ်။ ခြေလျင်ဆိုရင်တော့ ကလေးမြို့နားကနေ တက်ကြပြီး ကားနဲ့ဆိုရင်တော့ ဒီဘက်ပိုင်းထိ လာပြီး တက်ကြရတယ်လို့ ဆိုပါတယ်။ ကျွန်တော့်ခရီးစဉ်မှာတော့ တောင်တက်ဖို့ အစီအစဉ် မစဉ်းစားမိခဲ့တဲ့အတွက် ဒီတစ်ခါခရီးမှာ မတက်ဖြစ်သေးပါဘူး။ ကနေဒီတောင်ဟာ အမြင့်ပေ ၈၈၇၀ ရှိတဲ့ မြောက်ပိုင်းက ချင်းတောင်တန်းကြီးရဲ့ အမြင့်ဆုံးနေရာ ဖြစ်ပါတယ်။
ဝေဠုဝန်စေတီတော်
တီးတိန်မြို့မှာ ရှိတဲ့ ရှားရှားပါးပါး စေတီတစ်ဆူပါပဲ။ စောင်းတန်းလေးကနေ ခြေလျင်တတ်လို့ရပေမဲ့ တချို့နေရာတွေမှာ ပျက်စီးနေတာလေးတွေ ရှိလို့ ကားနဲ့ တိုက်ရိုက်တက်ပြီး ဖူးမြှော်နိုင်ပါတယ်။ သမိုင်းကြောင်းနဲ့ ပတ်သက်လို့တော့ လေ့လာတွေ့ရှိရတာ မရှိပါဘူး။
Cope Memorial Baptist Church ဘုရားကျောင်း
တီးတိန်မြို့မှာ သက်တမ်းရှည်ပြီး အကြီးဆုံး ဘုရားကျောင်းကြီးတစ်ခုလို့ သိရပါတယ်။ ဆေးရုံကြီးအနီးမှာ တည်ရှိတာပါ။ ဘုရားကျောင်းက ကုန်းမြင့်လေးမှာ ဖြစ်နေလို့ အဲ့ဒီကနေ မြို့ရဲ့ တချို့အပိုင်းလေးတွေကိုလည်း အမြင့်ကနေ တွေ့ရသလိုမျိုး မြင်တွေ့ခံစားနိုင်ပါသေးတယ်။
တီးတိန်ရှုခင်းသာ
မြို့မြင်ကွင်းလေး အပေါ်စီးက မြင်ရတာ လှတယ်ဆိုလို့ ကြိုးစားတက်ခဲ့ပေမဲ့ ကျွန်တော်သွားတဲ့အချိန် လမ်းပျက်နေတာမို့ အပေါ်မရောက်ခင် ကားလည်း တက်မရ၊ ဆိုင်ကယ်လည်း တက်မရဖြစ်ပြီး လက်လျှော့ ပြန်ခဲ့ရတယ်လေ။
ချင်းရွာလေးများနဲ့ စံပြရွာ ရှောင်စောန်း
တီးတိန်ဝန်းကျင်မှာ ရွာငယ်လေးများစွာ ရှိပြီး ချင်းလူမျိုးထဲမှာမှ မျိုးနွယ်စုကွဲများစွာ နေထိုင်ကြတာမို့ လေ့လာစရာ ဖြစ်နိုင်သလို မဖြစ်မနေ သွားရောက်လေ့လာစေချင်တာက ရှောင်စောန်း စံပြကျေးရွာပါ။
ထူးခြားတဲ့ သီးသန့်ဘာသာတရား ရှိနေပြီး ဒီကျေးရွာမှာ အရက်သေစာ၊ ဆေးလိပ်၊ မူးယစ် ဘာတစ်ခုမှ မရှိတဲ့ ဘာသာတရားလွှမ်းခြုံရာ ရွာလေး ဖြစ်လို့ပါ။ အိမ်လေးတွေနဲ့ လမ်းတွေကလည်း သပ်ရပ်လှပနေပြီး ကိုယ့်အိမ်ခြံစိုက်ခင်းနဲ့ ကိုယ် အေးချမ်းသာယာနေတာလေး တွေ့ရပါမယ်။ ပန်းမန်မျိုးစုံနဲ့ လှနေသလို၊ ကိုးကွယ်ရာ ဘာသာတရားပေါ်မှာလည်း နက်ရှိုင်းစွာ သက်ဝင်ယုံကြည်ကြသူများလို့ ခံစားရပါတယ်။ ရှောင်စောန်း ဆိုတာ ချင်းလိုဆို အသန့်ရှင်းဆုံးလို့ အဓိပ္ပါယ်ရပါတယ်။ ပါရှန်းဘာသာ (ရှောင်စောန်းဘာသာ) ကို ကိုးကွယ်ကြသူများပါ။ ဒီ ပါရှန်းဘာသာ (ရှောင်စောန်းဘာသာ) နဲ့ ရွာလေးအကြောင်းကို ဗီဒီယိုအနေနဲ့လည်း သီးသန့်တင်ပြထားလို့ သွားကြည့်နိုင်ပါတယ်။
တီးတိန်ချင်း ရှေးဟောင်းယဉ်ကျေးမှုအိမ်
တီးတိန်ချင်းတွေ ဟိုးအရင်က ဘယ်လိုနေထိုင်ခဲ့သလဲ ဆိုတာကို လေ့လာခွင့်ရမဲ့ နေရာပါ။ ရှေ့ကပြောခဲ့တဲ့ ရှောင်စောန်းရွာထဲမှာပဲ တည်ရှိပါတယ်။ အိမ်တစ်ခုလုံးရော၊ အသုံးအဆောင်တွေပါ သစ်သားတွေနဲ့ ဖန်တီးထားပြီး သူတို့ရဲ့ ဓလေ့ တချို့ကိုလည်း သိခွင့်ရခဲ့ပါတယ်။ ဓါတ်ပုံမှတ်တမ်းလေးတွေကလည်း စိတ်ဝင်စားစရာပါ။ အိမ်မှာ အမျိုးသားတွေက မုဆိုးလုပ်ရင်း ရလာတဲ့ အကြီးဆုံးတောကောင်တွေရဲ့ ဦးခေါင်းခွံတွေကို ချိတ်ဆွဲပြသ ဂုဏ်ယူတတ်ကြသလို၊ ရှေ့ဘက်မှာ လူပျိုဆောင်ထပ်ခိုးပုံစံလေး ရှိတာလည်း စိတ်ဝင်စားစရာပါ။ အတွင်းဘက်မှာ မီးလင်းဖိုနဲ့အတူ အိမ်ထောင်ရဲ့အကြီးဆုံး အမိနဲ့အဖ က ကွပ်ပျစ်ကျယ်ကျယ်နဲ့ အိပ်ကြရတယ်။ အိမ်ထောင်ကျတဲ့ သားသမီး လင်မယားတွေက မီးလင်းဖိုရဲ့ တစ်ဘက်ခြမ်းမှာ ကွပ်ပျစ်ခပ်ငယ်ငယ်နဲ့ အိပ်ကြရပါတယ်။ အဲ့မှာ ထူးခြားတာက လူသေရင် သူတို့အိပ်တဲ့ အပေါ်က ထပ်ခိုးလို အတန်းလေးမှာ ထားကြတာပါ။ အရိုး ဖြစ်တဲ့အထိ နေပြလိုက်၊ အသားဆွေးတွေကို လူတွေက လက်နဲ့ ဖယ်ရှားလိုက် လုပ်ကြရပါတယ်။ ဒါကို သတ်မှတ်ထားတဲ့ ဆွေမျိုးတွေက လုပ်ဆောင်ပေးကြရတာပါ။ ပြီးရင် အဝတ်ပတ်ပြီး အဲ့ဒီ ထုပ်တန်းမှာ ပြန်တင်ထားခဲ့၊ အဲ့လိုမျိုး ကြိမ်ဖန်များစွာ အရိုးပဲ ကျန်တဲ့အထိ လုပ်ပေးကြရတယ်တဲ့။ အိမ်သာကလည်း ရိုးရှင်းတယ်။ ကြမ်းကို အပေါက်ဖောက်တယ်။ အောက်က မြေမှာ ကြွေပြားထားပြီး အပေါ်က ကိစ္စရှင်း၊ အောက်မှာ မွေးထားတဲ့ နွားနောက်၊ ကျွဲ၊ ဝက် တွေက စားကြတယ် ဆိုပါတယ်။ ဒီလို ထူးခြားတဲ့ အိမ်ရာဖွဲ့စည်းပုံပြောစရာ အများကြီး ကျန်သေးတယ်။ ရောက်ခဲ့ရင်တော့ လေ့လာစေချင်ပါတယ်။
တီးတိန်မှာ စားစရာ
တီးတိန်မြို့မှာတော့ တခြားထက်စာရင် စားစရာ သောက်စရာ ပေါပါတယ်။ ဆိုင်တွေလည်း များတယ်။ ဆန်ပြုတ်၊ ပြောင်းဖူးပြုတ် (ဆာဗူးသီး ကို အသားမပါဘဲ သတ်သတ်လွတ်ပေါ့လေ) စတဲ့ ဒေသစာတွေလည်း ရှိတာမို့ အဆင်ပြေပါတယ်။ တီးတိန်ကော်ဖီလည်း ရှိတာမို့ တီးတိန်ကော်ဖီလေးလည်း သောက်ခဲ့စေချင်မိပါတယ်။ အချိုတော့ လျှော့ခိုင်းပါ။ ခေါင်ရည် နဲ့ ဒေသဝိုင်တွေလည်း မဖြစ်မနေ သောက်ခဲ့ပါနော်။ တနင်္ဂနွေနေ့လိုမျိုးမှာတော့ ဆိုင်အများစုပိတ်လို့ သတိတရ အစားအသောက်စုဆောင်းထားဖို့ လိုအပ်ပါတယ်။ လမ်းခရီးတလျှောက် ရွာတိုင်း ဆိုင်တိုင်းလိုလို ပိတ်တာမျိုး ကြုံရတတ်တာမို့ တနင်္ဂနွေ မဖြစ်မနေ ခရီးသွားဖြစ်ရင် ကြိုတင်ပြင်ဆင်နိုင်ဖို့ပါ။
တီးတိန်မှသည် ရိဒ်ခေါဒါရ် ဆီ
နာမည်ကျော် အသည်းပုံ ရေကန် ရိဒ် ဆီကို သွားမယ်ဆိုတော့ ရင်ခုန်ရပါတယ်။ ချင်းပြည်နယ်ရဲ့ နောက်ထပ် အထင်ကရ နေရာတစ်ခုကို ကျွန်တော် မျက်မြင်တွေ့ရတော့မှာကိုး။ လမ်းက အကွေ့အကောက်များပြီး အတက်လည်း ကြမ်း၊ အဆင်းလည်း ကြမ်းပါတယ်။ လမ်းလည်း အတော် ကြမ်းတာပါ။ လမ်းပြင်ဆင်မှုအပိုင်း မပြီးပြတ်သေးတာမို့လည်း ဖြစ်ပါတယ်။ ဒီလမ်းမှာ ကလေး - တီးတိန်ထက် တောင်အဆင်းအတက်နဲ့ အကွေ့ကြမ်းတာမို့ ကားကို ကိုယ့်ဘာသာ မောင်းခဲ့ရင် ပို သတိကြီးကြီး ထားစေချင်ပါတယ်။ ရိဒ်ခေါဒါရ် က အိန္ဒိယနယ်စပ်မြို့ ဖြစ်လို့ တစ်ဘက် အိန္ဒိယကိုလည်း လည်ပတ်နိုင်ပါတယ်။ သို့ပေမဲ့ အနီးဆုံးမြို့က ရွာလောက်ပဲမို့ သိပ်ပြီးတော့ ပျော်စရာ မဖြစ်ပါဘူး။ အိုင်းဇော အထိ သွားလည်နိုင်ရင်တော့ ပိုအဆင်ပြေပါတယ်။
ရိဒ်ခေါဒါရ် တခွင် လည်ပတ်စရာများ
ရိဒ်ခေါဒါရ် ကတော့ မြို့သေးသေးလေး ဖြစ်တာမို့ လည်ပတ်စရာ များများစားစား မရှိဘူး။ အဓိက မြို့ရဲ့ လူမှုအခြေအနေ၊ စီးပွားအခြေအနေကို အကဲခတ်ရုံပါပဲ။ ချင်းကားလို့ ခေါ်ကြတဲ့ ငယ်ငယ်က ကလေးတွေ ဆော့သလို မောင်းရတဲ့ သစ်သားကားတွေက အတော် အလုပ်ဖြစ်တာ တွေ့ရတယ်။ မြန်မာနဲ့ အိန္ဒိယ နယ်စပ်ဖြတ်ကျော်တံတားလေးကို ချင်းကားလေးတွေနဲ့ အစုလိုက် ပစ္စည်း သယ်ပို့ အလုပ်များနေကြတယ်။
မံဆောင်းတံတား
တီးတိန်ကနေ ရိဒ်ဘက်သွားတဲ့အခါ အတက်ကြမ်း အဆင်းကြမ်း အကွေ့ကြမ်းလေးတွေ မရောက်ခင် ကြိုးတံတား ဝါဝါလေး ကို မြင်တွေ့ကြရပါမယ်။ မံဆောင်းတံတားဟာ ဓါတ်ပုံရိုက်ချင်စရာ ဖြစ်အောင် လှပနေတတ်လို့ ကျွန်တော်လည်း မှတ်တမ်းယူရတဲ့အထိပါပဲ။
လိုင်တွီးရွာ
ထမင်းစား တစ်ထောက်နားတဲ့ ရွာလေး ဟာ ချစ်စရာ ဖြစ်နေပါတယ်။ စည်ကားနေတတ်ပြီး ဆိုင်လေးများစွာ မြင်တွေ့ရတယ်။ ချင်းရိုးရာအစားအစာတွေ အဓိက ရောင်းချပေးပြီး မြန်မာထမင်းဟင်းတွေလည်း တွဲဖက် ရောင်းချပေးတတ်ကြပါတယ်။
ရိဒ်ရေကန်
ရိဒ်ရေကန် က ရိဒ်ခေါဒါရ်ကနေ တောင်ပေါ် ထပ်တက်ရသေးတယ်။ အဲ့ဒီမှာ ရပ်ကွက်လေးတစ်ခုရှိပြီး အဲ့ဒီရေကန်ဆီကို အလည်သွားရတယ်။ ပုံထဲမှာ အကြီးကြီးလို ထင်ထားပေမဲ့ အပြင်မှာ မြင်တော့ နည်းနည်း သေးတယ်လို့ ထင်မိတယ်။ ရိဒ်ကို အသည်းပုံအဖြစ် သေချာမြင်နိုင်တာက အဲ့ဒီနားက အခြေခံပညာကျောင်းဝန်းထဲက ဝင်ကြည့်မှပါ။ စစ်တပ်တောင်ကုန်းပေါ်ကနေလည်း မြင်ကွင်းလှပေမဲ့ ပန်းသီးပုံနဲ့ တူတယ်။ ပြည်ထောင်စုရိပ်သာ ကနေလည်း မြင်ကွင်းက လှပါတယ်။ ကျွန်တော် သွားတဲ့အချိန်က မိုးတွင်းလည်း ဖြစ်တာမို့ စပါးစိုက်ပြီး လှေကားထစ်စပါးခင်းစိမ်းစိမ်းနဲ့မို့ ရိဒ်ရေကန်က ပိုလှနေသလိုပဲ။ ရိဒ်ရေကန်အနီးထိ ဆင်းပြီး ရေချိုးနိုင်ပါသေးတယ်။ ငါးမြှားသူလည်း ရှိတယ်။ ကိုယ်ကာယလေ့ကျင်းခန်းလုပ်ဖို့ ကိရိယာတွေလည်း တပ်ဆင်ပေးထားသလို၊ အပန်းဖြေဖို့ စားသောက်ဆိုင်နဲ့ ဘားဆိုင်တွေလည်း အနားမှာ ရှိပါသေးတယ်။ မိုးမခပင်တွေ ပတ်လည်ပေါက်နေတာကို တွေ့ကြရပြီ ရေနည်းချိန်ဆိုရင် မိုးမခပင်တွေ အနီး လမ်းလျှောက်လို့ ရပါသေးတယ်။
ရိဒ်ရေကန်ဟာ ၈၃၂ ဧက ကျယ်ဝန်းပါတယ်။ ရေကန်ပတ်လည်ဟာလည်း ၂မိုင်ခွဲလောက် ရှိပါတယ်။ အနက်ကလည်း ခန့်မှန်းခြေ ပေ ၅၀ ထိ ရှိနိုင်တယ်လို့ သိရပါတယ်။ ရိဒ်ရေကန်မှာ ဘိုးဘွားတွေရဲ့ ဝိညာဉ်တွေ ရှိနေတယ်လို့ ယုံကြည်ကြပါတယ်။ ပုံပြင်လိုလို လက်ဆင့်ကမ်းပြောကြားခဲ့တာကတော့ ဟိုးတုန်းက ဘေးဘွီးမြို့မှာရှိတဲ့ ဘုရင်နဲ့ မိဘုရားကို စောင့်ရှောက်တဲ့ ဝိညာဉ်စောင့်နတ်သမီး ရိဒ် ဟာ နွားဖြူယောင်ဖန်ဆင်းပြီး ဈာန်နဲ့ ခရီးထွက်လာတုန်း ဒီ ရေကန်အရောက်မှာ ဝိညာဉ်စောင့်အဖြစ်နဲ့ နေထိုင်သွားတယ်လို့ ဆိုကြပါတယ်။ ဒီဒေသက လူတွေ ကွယ်လွန်တဲ့အခါ ဝိညာဉ်စောင့်ဆီ သွားကြရတယ်လို့ ဆိုပါတယ်။ ဒါကြောင့် သေတယ် လို့ မပြောတော့ဘဲ ရိဒ်ရေကန် သွားတယ်လို့ တင်စားပြောဆိုကြတယ်လို့ သိရပါသေးတယ်။ ရိဒ်ရေကန် ပတ်လည်ပေါက်နေတဲ့ မိုးမခပင်တွေကိုတော့ ဝိညာဉ်စောင့် ခြံစည်းရိုးလို့ ခေါ်ဆိုကြပါတယ်။ ရေကန်အနီးမှာ ဝိညာဉ်ပူဇော်ပွဲတွေကိုလည်း နှစ်တိုင်းကျင်းပလေ့ရှိတုန်းလို့ သိရပြန်ပါတယ်။
သိပ္ပံသဘောအရတော့ ရိဒ်ဟာ မီးတောင်ပေါက်ကွဲရာကနေ ပေါ်လာတယ်လို့ ဆိုပါတယ်။ အေဒီ ၁၅၀၀ ခန့်က စတွေ့ခဲ့တာပါ။ ရေကန်ရဲ့ ထူးခြားချက်ကတော့ နှစ်ပေါင်းများစွာ ကြာတဲ့တိုင် ရေအပူချိန် မပြောင်းလဲဘဲ ရှိနေသလို၊ အကျယ်အဝန်း၊ အတိမ်အနက်လည်း ပြောင်းလဲခြင်း မရှိပါဘူး။ ဘယ်ကိုမှလည်း စီးဆင်းနေခြင်း မရှိဘဲ သီးခြားရပ်တည်နေသလို ဖြစ်နေပါတယ်။ ဆောင်းရာသီ နှင်းကျချိန်မှာ ကန်ရေပြင်က နီနီရဲရဲ ဖြစ်နေလေ့ရှိပြီး မိုးရာသီမှာ ကြည်လင်နေတတ်ပါတယ်။
နယ်ခြားတောင် အောင်တော်မူစေတီ
ရိဒ်ရေကန်ကနေ စစ်တပ်ရှိရာ ကုန်းမြင့်လေးအတိုင်း တက်သွားရင် နယ်ခြားတောင် အောင်တော်မူစေတီ ဆိုတာလည်း ရှိပါတယ်။ ဘုရားဖူးနိုင်သေးသလို၊ ရိဒ်ခေါဒါရ်မြို့ နဲ့ အိန္ဒိယနယ်စပ်အလှကိုလည်း အပေါ်စီး မြင်နိုင်ပါသေးတယ်။
ရိဒ်မှာ တည်းခိုရာ စားသောက်ရာ
ရိဒ်ခေါဒါရ် အောက်က ရပ်ကွက်တွေမှာ စားသောက်ဆိုင်တွေ ရှိတာ နည်းနည်းတွေ့မိတယ်။ စားတော့ မစားဖြစ်ဘူး။ ကျွန်တော်တည်းတာက ပြည်ထောင်စုရိပ်သာမှာ ဖြစ်နေတော့ ရိဒ်ရေကန်နားက စားသောက်ဆိုင်မှာပဲ စားဖြစ်တယ်။ ရွေးချယ်စရာ မများဘဲ အရသာတော့ ကောင်းတယ်။ မှာမှ ချက်ပြုတ်တာမို့ အချိန်တော့ ပေးရတယ်။ တည်းခိုဖို့ရာက ရေကန်အနီးက ဘန်ဂလိုတွေ ရှိပေမဲ့ တည်းခိုသူတွေရဲ့ မှတ်ချက်တွေ သိပ်အဆင်မပြေဘဲ သန့်ရှင်းမှုအပိုင်း အားနည်းတာကို ထောက်ပြကြတာမို့ ကျွန်တော်လည်း မတည်းခိုရဲခဲ့ဘူး။ ပြည်ထောင်စုရိပ်သာကတော့ အဆင်ပြေပေမဲ့ အမြဲတည်းခိုလို့ ရပါ့မလား စဉ်းစားမိတယ်။ ရိဒ်ရွှေပြည်တည်းခိုခန်းလေးကိုတော့ အဓိက ညွှန်းဆိုကြပါတယ်။ မီးကတော့ ညပိုင်းမှ ရပါတယ်။ တနင်္ဂနွေနေ့လိုမျိုးမှာတော့ ဆိုင်အများစုပိတ်လို့ သတိတရ အစားအသောက်စုဆောင်းထားဖို့ လိုအပ်ပါတယ်။
တိမ်ပင်လယ်ကြည့်ရင်း ကားပျက်
ဒီဘက်မှာက မိုးလေး ညနေဘက် ရွာလိုက်ရင် နောက်နေ့ဆို တိမ်ပင်လယ် မြင်ကြရတော့တာပဲ။ ကျွန်တော်လည်း ကံကောင်းခြင်းများစွာရှိလာတာမို့ မိုးရွာတဲ့ ညနေကို ကြုံပြီး နောက်နေ့မနက် ကလေးမြို့ပြန်အဆင်းမှာ တိမ်ပင်လယ်တွေကို ရိဒ် ကနေ တီးတိန်ကျော်တဲ့အထိ တောက်လျောက် တွေ့ရတော့တာပဲ။ တစ်ခါတော့ ဓါတ်ပုံရိုက်ကောင်းတာ ကျောက်ခဲစူးပြီး ဘီးပေါက်ရော။ တောင်ပေါ်သွားလာနေကြတဲ့ ကားကြီးကားငယ်တွေရဲ့ ချစ်စရာကောင်းချက်က ချက်ချင်း ကူညီလုပ်ကိုင်ပေးကြတာပါပဲ။ အချိန် ၁၀ မိနစ်လောက်နဲ့ အဆင်ပြေသွားရော။
ခွာဒိုပွဲတော်
ရိုးရာကောက်သစ်စားပွဲ ခေါ် ခွာဒိုပွဲတော်ကို အောက်တိုဘာလဆို ကျင်းပလေ့ရှိတာမို့ ဒီကာလဟာ ချင်းပြည်နယ်မြောက်ပိုင်းဆီ အလည်ထွက်ဖို့ အကောင်းဆုံးအချိန်ပါ။ အဲ့ဒီအချိန်ဆို ရိုးရာအကတွေ ဓလေ့တွေ အစုံ မြင်တွေ့ကြရပါတယ်။ ပျားအုံဖွပ်အကနဲ့ ပျားအုံကို မီးထွန်းသယ်ဆောင်လာကြတဲ့ ရိုးရာဓလေ့ အကတွေနဲ့ ခွာဒိုပွဲတော်ကို ဖွင့်လေ့ရှိတယ်။ ခွာဒိုပွဲတော်ကို ချင်းတိုင်းရင်းသားမျိုးနွယ်စုထဲက ဇိုမီးတွေ ကျိမ်နွှဲဒေသကို ပြောင်းရွှေ့တဲ့ အေဒီ ၁၄ ရာစုလောက်ကနေ စပြီး ကျင်းပလာခဲ့တာပါ။ မွန်မြတ်တဲ့ပွဲလို့ ခံယူကြပါတယ်။ လေ့လာသင့်တဲ့ ပွဲတော်တစ်ခု ဖြစ်ပါတယ်။
ချင်းပြည်နယ် မြောက်ပိုင်းခရီးစဉ်မှာ ဒီတစ်ခါတော့ တီးတိန် နဲ့ ရိဒ် ဘက်ကို အလည်ထွက်နိုင်ခဲ့ပါတယ်။ သိပ်လှတဲ့ ထန်တလန် အပါအဝင် ဖလမ်း၊ ဟားခါးတွေကိုလည်း ရောက်ချင်မိပါသေးတယ်။ ဒီ ခရီးစဉ်လေးက လမ်းပန်းဆက်သွယ်ရေးကြောင့်သာ နည်းနည်းဝေးတယ် ထင်ရပေမဲ့ ခရီးမိုင်အားဖြင့်တော့ နီးတာမို့ စိတ်ထဲ မချင့်မရဲဖြစ်ရပါတယ်။ တကယ်သာဆို ကလေးမြို့ကနေ နေ့ချင်းပြန်တောင် မပင်မပန်းသွားဖို့ ဖြစ်နိုင်တဲ့ အနေအထားမို့ပါ။ ချင်းပြည်နယ်အဝှမ်းမှာလည်း ခရီးသွားလုပ်ငန်း ပိုပြီး တိုးတက်လာဖို့ မျှော်လင့်မိရင်း ချင်းပြည်နယ်မြောက်ပိုင်းခရီးစဉ်လေးကို တင်ဆက်လိုက်ရပါတယ်ဗျား။
အားလုံးပဲ အစဉ်ဘေးကင်းလုံခြုံ ကျန်းမာပြည့်စုံ ပျော်ရွှင်စွာ ခရီးသွားနိုင်ကြပါစေ။
Thiha, the Traveller @ သီဟလုလင်
ယခု ခရီးသွားဆောင်းပါး နှင့် ဓါတ်ပုံများအား ကျွန်တော်၏ တိုက်ရိုက် ခွင့်ပြုချက်မရှိဘဲ၊ မည်သည့် မီဒီယာ၊ Website နှင့် လူမှုကွန်ယက်ပေါ်တွင်မှ ပြန်လည် ကူးယူဖော်ပြခြင်းများကို လုံးဝ ခွင့်မပြုပါ။
Photo :: Thiha Lu Lin, Designer Shine Lwin (Tedim)
Camera :: SONY Alpha 7II with 16 - 35mm Lens
Photos are modified in Lightroom by Thiha Lu Lin.
Comments