top of page

About

THIHA

IMG_7143.JPG
Name.png

Mingalarbar!

I'm Thiha from Myanmar who aspires to travel around the world and learn as much as possible. I share my travel stories here supported by beautiful photos, videos and more. I love travelling to enquire, to hear local stories, to enjoy the nature and of-cause to have fun.

Follow

THIHA

brush1.png
TikTokbrush.png
brush4.png
youtubebrush.png
Subscribe

နေ့စဉ် ပြည်တွင်းပြည်ပ ခရီးသွားသတင်းထူးများအပါအဝင် ခရီးစဉ်လည်ပတ်စရာများအကြောင်းတွေ နဲ့ ဒေသန္တရ ဗဟုသုတအစုံအလင် သိရှိနိုင်ဖို့ အပတ်စဉ်သတင်းလွှာ လေးကို ခုပဲ ရယူလိုက်ပါ။ စာရင်းသွင်းသူများအတွက် ကျွန်တော့်ရဲ့ ပထမဆုံး ပုံနှိပ်စာအုပ် "၁၇" ကဗျာနဲ့ဝတ္ထုတိုစာအုပ်ကို လက်ဆောင် ပေးပို့သွားမှာ ဖြစ်တဲ့အပြင် သတင်းလွှာကနေတဆင့် အခမဲ့ခရီးသွားခြင်းအစီအစဉ်တွေ၊ ခရီးသွားလက်ဆောင်တွေ စတဲ့ ထူးခြားအခွင့်အရေးတွေလည်း သိရှိနိုင်ဦးမှာပါ။

ခုပဲ အမည် နဲ့ အီးမေးလ်လိပ်စာထည့်ပြီး စာရင်းသွားလိုက်နိုင်ပါပြီ။

Thanks for submitting!

သန်လျင် တစ်ဘက်က သံတဲ နဲ့ မီးပြရွာတွေဆီ

  • Writer: Thiha Lu Lin
    Thiha Lu Lin
  • Sep 27, 2020
  • 3 min read

Updated: May 20, 2021

ရန်ကုန်မြို့နဲ့ နီးနီးနားနား လည်ပတ်စရာအနေနဲ့ ကျောက်တန်းမြို့ တစ်ဘက်က သံတဲရွာ၊ မီးပြရွာ၊ ဥယျာဉ်ရွာ နဲ့ ကျောက်တိုင်ကမ်းခြေ တွေကို သွားလည်လို့ရနေပါပြီ။



ကျောက်တန်းမြို့ကနေ မှော်ဝန်းမြစ်ကို ဖြတ်ပြီး တစ်ဘက်ကို ကူးလို့ လည်ပတ်ရတာမို့ ခရီးလေး ထွက်လိုက်ရတဲ့ အရသာလည်းရပါတယ်။ ဒီခရီးစဉ်မှာ အထူးခြားဆုံး တွေ့ရနိုင်တာက

  • စေတီရဲ့ အရိပ်က အဖြူအမည်းမဟုတ်၊ ရောင်စုံဓါတ်ပုံလို ပိတ်ကားပေါ်ထင်နေတဲ့ ရွှေဂူကြီးစေတီ

  • ပင်လယ်စာစားရင်း ရေဆော့ကြတဲ့ ကျောက်တိုင်ကမ်းခြေ

  • သက်တမ်းနှစ်ရာကျော်ရှိ မီးပြတိုက်ကြီး

  • ရေလယ်မှာ တည်ထားကြတဲ့ ဘုရားစေတီများ

  • ရွာဓလေ့ ရွာအလှ

စတဲ့ခံစားမှုတွေပဲ ဖြစ်ပါတယ်။



ကျွန်တော် တို့ ဒီခရီးစဉ်ကိုတော့ ဖိတ်ကြားခံရလို့ သွားခဲ့ရပါတယ်။ မကြာမီ ပြည်တွင်းခရီးသွားတွေကို ခရီးသွားလုပ်ငန်းတွေက တစ်ဦးကို ၁၅၀၀၀ ကျပ်ဝန်းကျင်လောက်နဲ့ ရောင်းချပို့ဆောင်ပေးဖို့ ရှိတယ်လို့ သိရတယ်။


ဘယ်လို သွားကြလဲ

ကျွန်တော်တို့က တစ်တွဲတည်းပါတဲ့ မီးရထားနဲ့ သီလဝါ ထိ သွားပါတယ်။ ဒီရထားက သီးသန့် စီစဉ်ထားတဲ့ ရထားလို့ ဆိုပါတယ်။ သီလဝါ မှာ ဂိတ်ဆုံးပြီး ကားနဲ့ ကျောက်တန်း ကျိုက်မှော်ဝန်းရေလယ်ဘုရား လှေဆိပ်ကို သွားကြပြီး လှေနဲ့ တစ်ဘက်ကမ်းကို ကူးပါတယ်။ အဲ့ဒီကနေ ဥယျာဉ်ရွာ၊ သံတဲရွာ စတဲ့ရွာတွေဆီကို တစ်နာရီဝန်းကျင်လောက် ကားပြန်စီးပြီး သွားကြရတာပါ။ အချို့လည်း စက်ဘီးအားကစားလုပ်ရင်း ပြိုင်ဘီးကိုယ်စီနဲ့ လာကြသူတွေ တွေ့ရပါတယ်။ ကိုယ့်ကားနဲ့ ကိုယ် သွားလို့ရပေမဲ့ ကားတွေကို ကျောက်တန်းမြို့မှာပဲ ရပ်ထားခဲ့ရပြီး ဒီဘက်မှာ ကားပြန်ငှားကြတာမျိုး ရှိသလို၊ ကျောက်တန်းမြို့အဝင်မှာ မေးလို့ ပါပီလခတ် ဘုရားကျောင်းလမ်းက သွားကြပါတယ်။ ခုလတ်လောတော့ ပါပီလခတ်ဘုရားကျောင်းလမ်းက ပြုပြင်နေဆဲ ဖြစ်တဲ့အတွက် တမံဦးလမ်း ကို သုံးလို့ရပါတယ်။ ဒီလမ်းက ပိုကျယ်ပါတယ်။ မှော်ဝန်းတံတားကနေ ခနောင်၊ မင်္ဂလွန်း၊ ကမာကလုတ်၊ ကွနှီး၊ ဇွဲဘာ၊ ကုန်းတန်းရွာတွေ ဖြတ်လို့ သံတဲကျောက်တိုင်ကမ်းခြေထိ သွားနိုင်ပါသေးတယ်။ ဒီလမ်းက လာရင် အမှိုက်ကင်းစင်ရွာလို့ဆိုကြတဲ့ ဝဲကြီးရွာ ကိုလည်း လေ့လာနိုင်ဦးမှာပါ။ ပြီးတော့ မင်္ဂလွန်းရွာမှာ ရှေးဟောင်းဘုရားတစ်ဆူ၊ သက်တမ်းနှစ်တစ်ရာကျော်ရှိတဲ့ ထိုင်တော်မူ ရုပ်ပွားတော်ငြီးနဲ့ ဘုရားဝန်းထဲက စည်တော်ကြီးတွေကို လေ့လာလို့ရပါသေးတယ်တဲ့။

လိုင်းကားနဲ့ဆို ၃၃/၉၅ စီးလို့ ကျောက်တန်းလာ၊ ကျောက်တန်းကနေ စက်လှေနဲ့ ပန်းတောဘက်ကမ်းကို ကူးပြီး ဆိုင်ကယ် သို့မဟုတ် ကား ပြန်ငှားပြီး သွားလို့ရပါသေးတယ်။


လည်ပတ်စရာနေရာများ

တကယ်တော့ သန်လျင်ဘက်က လာတဲ့ခရီးမှာ လမ်းတလျှောက်လည်ပတ်စရာ ဘုရားတွေ၊ ကိုလိုနီခေတ်အဆောက်အဦးတွေ၊ ဘုရားကျောင်းတွေ ကတော့ ရှိနေပြီးသားပါ။ ကျောက်တန်းကနေ ပဲ စပြောရမယ်ဆိုရင်တော့ -


ကျိုက်မှော်ဝန်းရေလယ်စေတီတော်

ကျောက်တန်းရေလယ်ဘုရားလို့ သိကြတဲ့ ကျိုက်မှော်ဝန်းရေလယ်စေတီ ဟာ ရန်ကုန်မြစ်ရဲ့ မြစ်လက်တက် တစ်ခုဖြစ်တဲ့ မှော်ဝန်းမြစ်တွင်းက ကျွန်းငယ်လေးပေါ်မှာ တည်ရှိတာပါ။ ဘုရားဓါတ်တော်မွေတော်တွေ ဌာပနာပြီး ၃ ရာစုတုန်းက ဗောဂဇနကမင်းကြီး တည်ထားတယ်လို့ ဆိုပါတယ်။ ထူးခြားချက်အနေနဲ့ စေတီရင်ပြင်က ရေတက်ရင်လည်း ရေလွှမ်းလေ့မရှိ၊ လူဘယ်လောက်များများ ရင်ပြင်တော်ပြည့်သွားလေ့မရှိပါဘူး။


ရှေးဟောင်းသမိုင်းဝင် ရွှေဂူကြီးစေတီတော် နဲ့ မြတ်ရွှေဂူကျောင်းတိုက်

နှစ်ပေါင်းရာကျော်ပြီလို့ ဆိုကြတဲ့ ဒီရွှေဂူကြီးစေတီတော် ဟာ ကျောက်တန်းကနေ ၅ မိုင်ခန့်အကွာက ဥယျာဉ်ရွာမှာ တည်ရှိပါတယ်။ ပါဒခေတ်မှာ နရိန္ဒရာဇာမင်း က သမီးတော်အတွက်ရည်ရွယ်ပြီး ဥယျာဉ်တော် ဖော်ပေးခဲ့ရာမှာ ကန်တွေ၊ စေတီတွေလည်း ထည့်သွင်းခဲ့တယ်လို့ ဆိုပါတယ်။ စေတီ ၉ ဆူ တည်ခဲ့တဲ့အနက် အခုမြင်တွေ့ရတဲ့ မဟာကဉ္စနဂုဟာ ဆိုတဲ့ ဒီရွှေဂူကြီးစေတီပဲ ကျန်ရစ်တော့တာ ဖြစ်ပါတယ်။ ဒါတောင် ၁၂၇၄ ခုနှစ်တုန်းက ဦးရွှေသဲ နဲ့ ဒေါ်ငွေဥ တို့က ပြန်လည်ပြင်ဆင်တည်ထားလိုက်တာ လို့ ဆိုပါတယ်။ ရှေးဟောင်းသမိုင်းဝင် ရွှေဂူကြီးဘုရားကို ဖူးရင်း မြတ်ရွှေဂူကျောင်းတိုက် ကိုလည်း ဝင်ရောက်လို့ ကျောင်းထိုင်ဆရာတော်ကို ဖူးမြော်နိုင်ပါသေးတယ်။


စေတီရဲ့ တစ်ဘက်က အပြာရောင်အဆောင်ကတော့ ထူးခြားတဲ့ အဆောင်ပါပဲ။ အဲ့ဒီအခန်းကို မှောင်နေအောင် တံခါးသေချာပိတ်လိုက်ရင် ပိတ်ကားဖြူတစ်ချပ် ထောင်ထားတဲ့ အလင်းဝင်ပေါက်လေး တစ်ခုကို မြင်ကြရပါမယ်။ အဲ့ဒီ ပိတ်ကားဖြူလေးကို သေချာကြည့်လိုက်ရင် တစ်ဘက်က ရွှေဂူကြီးစေတီလို့ ယူဆရတဲ့ စေတီတော်ကြီးပုံကို ရောင်စုံဓါတ်ပုံသဖွယ် စောက်ထိုး မြင်ကြရမှာပါ။ အရိပ်ရဲ့ သဘောအရ အဖြူအမည်းသာ ဖြစ်တတ်ပေမဲ့ ဒီမှာ ထင်နေတဲ့အရိပ်ကတော့ ရောင်စုံဖြစ်နေတာမို့ မြင်ရသူအတွက် ထူးခြားနေသလိုဖြစ်မယ်လို့ ဆိုပါရစေ။

ကင်မရာ သဘောတရားနဲ့ ထပ်တူတယ်လို့ သိပ္ပံနည်းနဲ့တော့ စဉ်းစားလို့ရနိုင်ပါတယ်။


နောက်ထပ်ထူးခြားမှုအနေနဲ့ ဒီရွှေဂူကျောင်းတိုက် အပေါ်ထပ်က လူပျံရုပ်တုလေးပါ။ လိုရာဆုတောင်းပြည့်တယ်လို့ အယူအဆရှိပြန်ပါတယ်။ ယုံကြည်သက်ဝင်သူအချို့လည်း လာရောက်ပူဇော်ဆုတောင်းကြပါတယ်။

အနီးအနားမှာ သမီးတော်အတွက် ဖော်ပေးခဲ့တဲ့ ကန်တချို့လည်း ရှိနေဆဲ ဖြစ်ပါတယ်။


သံတဲရွာ

ရိုးရှင်းအေးချမ်းနေတဲ့ သံတဲရွာ လေးဆီရောက်တော့ ရန်ကုန်နဲ့ မတူတဲ့ အငွေ့အသက်တစ်ခုကို မြင်တွေ့ခံစားရတယ်။ ပင်လယ်ဝမှာ ရှိနေတဲ့ ဒီရွာလေးဟာ ရေနောက်နောက် ပင်လယ်ကမ်းခြေတစ်ခုကိုလည်း ပိုင်ဆိုင်ထားသေးပြီး ဒေသခံတွေအတွက် ဒီပင်လယ်ကမ်းခြေကို လာရောက်အပန်းဖြေကြသူတွေကို ပင်လယ်စာ တချို့ အခြောက်အခြမ်း၊ အကင်၊ စားသောက်စရာ လုပ်ရောင်းကြပြီး အသက်မွေးကြသလို၊ အနီးဝန်းကျင်မှာလည်း ဧကများစွာသော လယ်ကွင်းတွေနဲ့ လှပစိမ်းလန်းနေပါတယ်။ ရွာရဲ့ တစ်နေရာမှာ တစ်ခုတည်းသော ဖျော်ဖြေရေးအဖြစ် ဘိလပ်ယက်ခုံတွေ ရှိနေတဲ့ ဆိုင်တစ်ခုမှာ ကာလသားတွေ စည်စည်ကားကား ပျော်နေကြတာကိုလည်း မြင်တွေ့ရပါသေးတယ်။ ရွာက အိမ်ခြေ ၁၀၄ အိမ်ပဲ ရှိတာပါ။ စိုက်ပျိုးရေးနဲ့ မွေးမြူရေးကို အဓိက လုပ်ကိုင်ကြတယ်လို့ ယေဘုယျမြင်ရပါတယ်။ အိမ်ဝိုင်းခပ်သေးသေးလေးတွေမှာ အိမ်သေးသေးတွေနဲ့ပဲ ရိုးရိုးရှင်းရှင်းနေထိုင်ကြပါတယ်။

ရွာကို လာတဲ့သူတွေအနေနဲ့ အထူးမြည်းစမ်းကြည့်သင့်တာက ဘဲဆားကင် နဲ့ ကြက်ဆားကင်တွေပဲ ဖြစ်ပါတယ်။


မီးပြတိုက်ဟောင်းကြီး

သံတဲရွာ ကို လာကြတဲ့အထဲမှာ အဓိကအားဖြင့် ၁၉၂၂ ခုနှစ်က တည်ဆောက်ဖွင့်လှစ်ခဲ့တဲ့ နှစ်ပေါင်းရာနီးပါးသက်တမ်းရှိ မီးပြတိုက်ဟောင်းကြီးကို လာကြည့်ဖို့လည်း ပါပါတယ်။ “အုတ်ကျစ်ကျော်ကြား သံတဲထား” ဆိုပြီး မြန်မာသက္ကရာဇ် ၁၂၂၂ နဲ့ မှတ်သားထားကြကြောင်းလည်း ရွာထဲက လူကြီးသူမတွေနဲ့ ဆုံတိုင်း ရွတ်ရွတ်ပြကြပါတယ်။ ဒီ မီးပြတိုက်ဟောင်းဟာ နိုင်ငံခြားသင်္ဘောတွေ ရန်ကုန်မြစ်ဝကို ဝင်ရောက်လာတဲ့အခါ ဘေးကင်းဖို့ မီးပြပေးတဲ့ တာဝန်ကို ယူခဲ့တာ ဖြစ်ပါတယ်။ ခုထိတိုင်လည်း မီးပြတိုက်ရှိရာ မနီးမဝေးမှာ မီးပြတိုက်ကို သားစဉ်မြေးဆက်လို့ ဆိုရမဲ့ အဖေခေတ်ကတည်းက စောင့်ရှောက်ခဲ့တဲ့ အဘိုးနဲ့ မိသားစု နေထိုင်ကြပါသေးတယ်။ မီးပြတိုက် အောက်ခြေထိ သွားရောက်လေ့လာနိုင်ပါတယ်။ အပေါ်တက်ဖို့တော့ ကြံ့ခိုင်မှုအားနည်းနေတာ တွေ့ရပါတယ်။


ကျောက်တိုင်ကမ်းခြေ

သံတဲရွာရဲ့ ကျောက်တိုင်ကမ်းခြေ ကတော့ ကမ်းခြေနားမှာရှိတဲ့ ရှေးအုတ်တိုင်ကြီးကို အမီပြုပြီး ခေါ်ဆိုတယ်လို့ ယူဆမိပါတယ်။ ပေ ၂၀ လောက်ရှိတဲ့ အဲ့ဒီအုတ်တိုင်ကြီး ကို ရွာသူရွာသားတွေလည်း သေချာ မရှင်းပြတတ်ပါဘူး။ ဟိုးဘုရင်ခေတ်ကတည်းက ဆောက်ထားတယ်လို့တော့ ယူဆထားကြပုံပါပဲ။ နယ်ခြားအုတ်တိုင် ဖြစ်ကောင်းရဲ့လို့လည်း ဆိုကြပါတယ်။ မီးပြတိုက်ဖြစ်နိုင်တယ်လည်း ဆိုကြတယ်။ သေချာတော့ မပြောရဲကြပါဘူး။ အဲ့ဒီ ကျောက်တိုင်ကမ်းခြေမှာ ခုတလောတော့ အပန်းဖြေလာသူတွေနဲ့ စည်ကားနေပြန်တယ်။ ပင်လယ်အတုလို့လည်း ပြောရခက်တဲ့ ပင်လယ်ဝ တစ်နေရာ မှာ မြို့ပြကို မွမ်းကျပ်နေသူတွေ ခဏတော့ ရှောင်ကွင်းအပန်းဖြေနိုင်မှာပါ။ ကမ်းခြေအရသာ စစ်စစ် မပေးနိုင်တောင်မှ အတော်အတန် အပန်းပြေသွားတာပေါ့လေ။ ရေက ပင်လယ်ဝမို့ ခပ်နောက်နောက်ရယ်ပါ။ ကျွန်တော်တော့ ရေထဲ ဆင်းမဆော့ရဲဘူး။ ကမ်းပေါ်ကနေပဲ ထိုင်ကြည့်လိုက် မုန့်စားလိုက်ပဲ လုပ်ရဲတယ်။ အနားမှာ ထမင်းဆိုင်၊ ပုစွန်ကင်ဆိုင်၊ ဘဲဆားမွှမ်းကင်၊ ကြက်ဆားမွှမ်းကင်၊ အုန်းရေ စသဖြင့် ဆိုင်သေးသေးလေးတွေတော့ ရှိပါတယ်။

အဲ့ဒီနားမှာပဲ ဟိုးတလောက ခိုးဝင်လာတဲ့သူ ၁၀၆ ယောက်စီးခဲ့တဲ့ လှေကြီးကိုလည်း လေ့လာနိုင်ဦးမှာပါ။ လှေသေးသေးလေးထဲမှာ လူ ၁၀၆ ဦး ပင်လယ်လှိုင်းကြမ်းထဲ ဘယ်လို လိုက်ပါခဲ့သလဲ စဉ်းစားစရာတွေ ပေးဦးမှာ ဖြစ်ပါတယ်။


ရွှေဘုံသာစေတီတော်ကြီး

မီးပြရွာလယ် က ရွှေဘုံသာစေတီတော်ကြီးဟာလည်း တကယ်တော့ ရေလယ်စေတီလို့ ဆိုနိုင်ပါမယ်။ ရေထဲမှာ တည်ရှိနေပြီး စေတီကို ဖူးဖို့ အုတ်တံတားလေးနဲ့ သွားကြရတာပါ။ အရင်က ရွာလယ်မှာ ရှိတာပါ။ ရေတက်လာပြီး ခုလို ဖြစ်သွားတယ် ဆိုပါတယ်။ အဘိသေကဘောဂသေနမင်း က မွန်သူပုန်တွေရန်က တိမ်းရှောင်လို့ ဒီအရပ်ရောက်ချိန်မှာ တည်ထားခဲ့တဲ့ ၉ တောင်ခန့်အမြင့်ရှိ စေတီငယ် ၉ ဆူ (ရွှေဘုံသာ၊ အောင်တော်မူ၊ မြသား၊ တဝဂူ၊ ဟင်္သာမင်း၊ ပတ္တမြား၊ သုဝဏ္ဏ၊ မင်္ဂလာ၊ သတ္တဌာန) ထဲမှာ ရွှေဘုံသာ တစ်ဆူပဲ ကျန်ရစ်တော့တယ်လို့ ဆိုနိုင်ပါတယ်။ ဒီစေတီငယ်တွေ အကုန်လုံးနီးပါး ပျက်စီးလုဖြစ်နေချိန် အကောင်းဆုံးအနေအထားဖြစ်နေတဲ့ ဒီ ရွှေဘုံသာစေတီကို မိုးကြိုးခ လို့ အတော်လေးပျက်စီးသွားချိန်မှာ ဘင်္ဂလားတိုက်ဆရာတော်ကြီး က ကျန် ၈ ဆူ က ဓါတ်တော်နဲ့ ဌာပနာတွေပါ စုစည်းပြီး ပြန်လည်ပြုပြင် တည်ထားလိုက်တာ ဖြစ်တယ်လို့ သိရပါတယ်။ ခုလက်ရှိ ဉာဏ်တော်ကတော့ ၃၆ တောင်ခန့်လို့ သိရပါတယ်။ တမူထူးခြားစွာ အုတ်တံတားလေးကနေ သွားရောက် ဖူးမြှော်ရင်း မြစ်အလှကိုခံစားရတာလည်း ခံစားမှုတစ်မျိုးပေးစွမ်းပါတယ်။


ဘယ်လောက်ကုန်ကျနိုင်သလဲ

ရထားကတော့ သီးသန့် ငှားရမ်းစီစဉ်တာမို့ ခရီးသွားလုပ်ငန်းပေါ်ပဲ မူတည်ပါမယ်။ ကျွန်တော်တို့ သာမန်လူတွေအနေနဲ့ကတော့ စီးစရာ မရှိပါဘူး။ သီလဝါထိ ဆွဲတဲ့ ပုံမှန်ရထားခရီးစဉ်မရှိလို့ပါ။ လိုင်းကားနဲ့ဆိုရင်တော့ ၃၃/၉၅ တွေက ကျောက်တန်းအရောက် ၃၀၀ - ၅၀၀ ကျပ်ပါ။ လှေနဲ့ကူးခ ကတော့ အများနဲ့ဆို တစ်ဦးကို ၁၅၀ - ၅၀၀ ကျပ် ကျသင့်ပါမယ်။ လှေစင်းလုံးလည်း ငှားနိုင်ပါသေးတယ်တဲ့။ ဟိုဘက် ပန်တော်မှာ ဆိုင်ကယ်ကယ်ရီ ငှားမယ်ဆို တစ်ယောက်ကို ၁၅၀၀၊ ၂၀၀၀၊ ၅၀၀၀ ကျပ် အထိ စသဖြင့် ကျသင့်နိုင်ပါတယ်။ ကားငှားမယ်ဆိုရင်တော့ တစ်သောင်း၊ တစ်သောင်းခွဲ ကုန်ကျနိုင်ချေရှိပါတယ်။ သံတဲအထိ ဈေးနှုန်းဖြစ်ပြီး ဆက်သွားမယ်ဆိုရင် တစ်နေရာကနေ တစ်နေရာကို ဆိုင်ကယ်ကယ်ရီကြေး ၅၀၀၊ ၁၀၀၀ ကျပ် အသီးသီး ထပ်ဆင့် ကုန်ကျနိုင်ပါသေးတယ်။ အပြန်ခရီးအတွက်လည်း ထပ်တူ ကုန်ကျနိုင်ပါသေးတယ်ခင်ဗျာ။


ဒီခရီးစဉ်ကတော့ ရန်ကုန်မြို့နဲ့ မနီးမဝေးမှာ ထူးခြားတဲ့ ခရီးစဉ်လေးအဖြစ် ရှိနေပါတယ်။ ကျွန်တော့်ကို စိတ်ကျေနပ်မှုအပြည့်အဝ မပေးနိုင်တဲ့တိုင် သဘောကျသူတွေလည်း အရမ်းကျနိုင်သလို၊ သဘောမကျသူတွေအတွက်လည်း သွားရတဲ့ခရီးနဲ့ လည်ပတ်ရတဲ့နေရာ နည်းပါးတယ်လို့ တွက်ဆနိုင်ချေရှိပါတယ်။ ရှေးသမိုင်းတွေနဲ့ သဘာဝလူမှုစရိုက်တွေကို လေ့လာလိုသူတွေအတွက်ကတော့ အတိုင်းအတာတစ်ခု ကျေနပ်စရာ ဖြစ်စေပါလိမ့်မယ်။


အားလုံးပဲ အစဉ်ဘေးကင်းလုံခြုံ ကျန်းမာပြည့်စုံ ပျော်ရွှင်စွာ ခရီးသွားနိုင်ကြပါစေ။

သီဟလုလင် (Thiha, the Traveller)


ယခု ခရီးသွားဆောင်းပါး နှင့် ဓါတ်ပုံများအား ကျွန်တော်၏ တိုက်ရိုက် ခွင့်ပြုချက်မရှိဘဲ၊ မည်သည့် မီဒီယာ၊ Website နှင့် လူမှုကွန်ယက်ပေါ်တွင်မှ ပြန်လည် ကူးယူဖော်ပြခြင်းများကို လုံးဝ ခွင့်မပြုပါ။


Photo :: Thiha Lu Lin, Chan Myae Ei

Camera :: SONY Alpha 7II with 16 - 35mm Lens, Samsung Galaxy Note 10+

Photos are modified in Lightroom by Thiha Lu Lin.

Comments


Thiha, the traveller logo

Thiha, The Traveller

Travel & Lifestyle Blog

  • Facebook
  • Instagram
  • YouTube
  • TikTok
  • Twitter
  • Spotify
  • Pinterest
  • RSS

TIPS & INSPIRATION

Get Inspired! Receive travel discounts, the secrets and tips that you need to get to know the most impressive places in the world.

သတင်းလွှာ ရယူဖို့ ဖောင်ဖြည့်နိုင်ပါတယ်။ ပြည်တွင်းပြည်ပ ခရီးစဉ်များ နေ့စဉ်တင်ဆက်မှုအသစ်တွေ အပါအဝင် ကံစမ်းမဲလက်ဆောင်များ၊ ခရီးစဉ်လျှော့ဈေးများ စတဲ့ စတဲ့ အခွင့်အရေးများစွာကို ရယူခံစားနိုင်မှာ ဖြစ်ပါတယ်ခင်ဗျာ။

Copyright © 2024 Idea Landmark Myanmar | Thiha, the Traveller - All Right Reserved.

I may earn commission (at no extra cost to you) from some affiliate links if you choose to purchase through them. (Learn more)

bottom of page