top of page

About

THIHA

IMG_7143.JPG
Name.png

Mingalarbar!

I'm Thiha from Myanmar who aspires to travel around the world and learn as much as possible. I share my travel stories here supported by beautiful photos, videos and more. I love travelling to enquire, to hear local stories, to enjoy the nature and of-cause to have fun.

Follow

THIHA

brush1.png
TikTokbrush.png
brush4.png
youtubebrush.png
Subscribe

နေ့စဉ် ပြည်တွင်းပြည်ပ ခရီးသွားသတင်းထူးများအပါအဝင် ခရီးစဉ်လည်ပတ်စရာများအကြောင်းတွေ နဲ့ ဒေသန္တရ ဗဟုသုတအစုံအလင် သိရှိနိုင်ဖို့ အပတ်စဉ်သတင်းလွှာ လေးကို ခုပဲ ရယူလိုက်ပါ။ စာရင်းသွင်းသူများအတွက် ကျွန်တော့်ရဲ့ ပထမဆုံး ပုံနှိပ်စာအုပ် "၁၇" ကဗျာနဲ့ဝတ္ထုတိုစာအုပ်ကို လက်ဆောင် ပေးပို့သွားမှာ ဖြစ်တဲ့အပြင် သတင်းလွှာကနေတဆင့် အခမဲ့ခရီးသွားခြင်းအစီအစဉ်တွေ၊ ခရီးသွားလက်ဆောင်တွေ စတဲ့ ထူးခြားအခွင့်အရေးတွေလည်း သိရှိနိုင်ဦးမှာပါ။

ခုပဲ အမည် နဲ့ အီးမေးလ်လိပ်စာထည့်ပြီး စာရင်းသွားလိုက်နိုင်ပါပြီ။

Thanks for submitting!

သန့်ရှင်းရာမြေသို့ [၁၁] ရက် ခရီးစဉ်

Writer's picture: Thiha Lu LinThiha Lu Lin

သန့်ရှင်းသောမြေ (The Holy Land) ခရီးစဉ်ဟာ ခရစ်ယာန်ဘာသာဝင်တိုင်း အသွားချင်ဆုံးသော ခရီးစဉ်ဆိုရင် မှားမယ် မထင်ပါဘူး။ ဗုဒ္ဓဘာသာဝင်တွေ ဗုဒ္ဓဂါယာသွားချင်ကြသလိုမျိုးပါပဲ။ ကိုယ်ယုံကြည်ကိုးကွယ်ရာ ဘုရားရှင် မွေးဖွားကျင်လည်ခဲ့တဲ့ နယ်မြေတွေကို ဘုရားဖူးခရီးစဉ်အနေနဲ့ ရောက်ရှိလေ့လာရတာ သိပ်အဖိုးတန်တယ်လို့ ကျွန်တော်တော့ ယူဆမိတယ်။ ကျွန်တော့် အိပ်မက်တွေထဲက တစ်ခုကို သုခလမ်းညွှန် ခရီးသွားလုပ်ငန်း နဲ့ သွားဖြစ်ခဲ့ပါတယ်။


ဒီ The Holy Land ခရီးစဉ်ဟာ လူကြီးတွေ ဘုရားဖူးရုံအပြင် လူငယ်တွေအတွက်လည်း အရမ်းကို စွဲဆောင်မှု ရှိတဲ့ ခရီးစဉ်ဖြစ်ပါတယ်။


စုစုပေါင်း (၁၁) ရက်ကြာမြင့်ခဲ့တဲ့ သုခလမ်းညွှန် ရဲ့ The Holy Land ခရီးစဉ်မှာ ဂျော်ဒန်၊ အစ္စရေး၊ ပါလက်စတိုင်း နဲ့ အီဂျစ် နိုင်ငံ (၄) နိုင်ငံ ပါဝင်ပြီး ကျွန်တော် လိုက်ပါခဲ့တဲ့ ခရီးစဉ်မှာတော့ သက်ကြွယ်သူများ ပိုမိုပါဝင်ပါတယ်။ လူငယ်အချို့ကတော့ မိဘ၊ ဘိုးဘွားတွေကို စောင့်ရှောက်ဖို့ လိုက်ပါလာကြတာလောက်ပဲ ရှိပါတယ်။ တကယ်တော့ ဒီ The Holy Land ခရီးစဉ်ဟာ လူကြီးတွေ ဘုရားဖူးရုံအပြင် လူငယ်တွေအတွက်လည်း အရမ်းကို စွဲဆောင်မှု ရှိတဲ့ ခရီးစဉ်ဖြစ်ပါတယ်။ ကျွန်တော်သာ နောက်တစ်ကြိမ် တစ်ယောက်တည်း ပြန်လာခွင့်ရမယ်ဆို လူငယ်တစ်ယောက်လို ခရီးသွားတဲ့ စိတ်ကြိုက်အစီအစဉ်တွေနဲ့ Instagrammable ဖြစ်မဲ့ ဓါတ်ပုံတွေ အများကြီး ရိုက်မယ်လို့ တွေးထားမိတယ်ဗျာ။ လမ်းတွေရဲ့ ဖွဲ့စည်းပုံ၊ ရေမြေအနေအထား၊ ရာသီဥတု၊ အဆောက်အဦးတွေရဲ့ ဆန်းကြယ်ခမ်းနာမှု၊ ဘုရားကျောင်းကြီးတွေနဲ့ ဆင်းတုတော်တွေရဲ့ သပ္ပါယ်မှု၊ လူတွေရဲ့ နေထိုင်မှုပုံစံနဲ့ ဝတ်စားဆင်ယင်မှုတွေဟာ ခု ပြန်တွေးရင်တောင် ခု မျက်စိထဲ ပြန်လွမ်းမောရတဲ့အထိ ဓါတ်ပုံတွေ အများကြီး ထွက်နေတယ်။ ကျွန်တော်ဟာလည်း ခရစ်ယာန်ဘာသာဝင် တစ်ဦးပါ။ သို့သော်လည်း ဒီတစ်ခါ ခရီးစဉ်မှာ ရိုမန်ကက်သလစ် အသင်းတော်အဖွဲ့တွေနဲ့ သွားခဲ့ရတော့ အသင်းတော်အားဖြင့် ကျွန်တော်နဲ့ မတူဘူးပေါ့။ ဒီခရီးစဉ်မှာ သမ္မာကျမ်းစာထဲက အချက်အလက်တွေနဲ့ တိုက်ဆိုင်ရှင်းလင်းပြောပြပေးမဲ့ Father တစ်ဦး ပါဝင်တာကြောင့် အတော်လေး ရှင်းလင်း ကျေနပ်ရပါတယ်။

ဘယ် ခရစ်ယာန် အသင်းတော်တွေအတွက် ပိုကောင်းလဲ?

ဒါမေးသင့်တဲ့ မေးခွန်းပေါ့။ ဒီ Holy Land ခရီးစဉ်ဟာ ရိုမန်ကက်သလစ် ခရစ်ယာန်ဘာသာဝင်များအတွက် အထူး အသင့်လျော်ဆုံးပေါ့။ ဒါကို ခရစ်ယာန်အများစုကတော့ သိကြပါတယ်။ တခြားဘာသာဝင်အနေနဲ့ဆိုရင် ဘာကြောင့်လဲတော့ တွေးမိကောင်း တွေးမိနိုင်ပါတယ်။ ကျန်တဲ့ ခရစ်ယာန်အသင်းတော်တွေအနေနဲ့လည်း အထူး ဗဟုသုတ ရစရာအနေနဲ့ရော၊ ကျမ်းစာလာအချက်များကို မျက်မြင်တွေ့ရလို့ ပိုပြီး ဝိညာဉ်ရေးနိုးထစေတဲ့အတွက်ရော ရောက်ဖူးသင့်တဲ့နေရာတစ်ခုပါ။

တခြားဘာသာဝင်တွေ သွားလို့ မရတော့ဘူးလား?

သွားလို့ရတာပေါ့။ ဘာသာကြီးတစ်ခုရဲ့ အစပြုရာအရပ်က စိတ်ဝင်စားစရာ ဖြစ်ရပ်ဆန်းကြယ်တွေနဲ့ ရှေးအဆက်ဆက် ထိန်းသိမ်းထားတဲ့ သမိုင်းဝင် အဆောက်အဦး၊ အချက်အလက်၊ အနုပညာ၊ တန်ခိုးနဲ့ ဆန်းကြယ်မှုတွေ အစုံစုံကို ရေမြေသဘာဝနဲ့ တွဲဖက်လို့ လေ့လာသွားနိုင်တဲ့အတွက် ခါတိုင်းလည်ပတ်နေကျ ခရီးစဉ်တွေနဲ့ ကွဲထွက်ထူးခြားနေတဲ့ ခရီးစဉ်အဖြစ် သွားလာရပါမယ်။

လူငယ်တွေကိုလည်း အထူးအားပေးပါတယ်။ ဒီခရီးတွေဟာ ဘုရားဖူးခရီးစဉ်သက်သက်ထက် လေ့လာစရာ နိုင်ငံရေး၊ စစ်ရေး၊ လူမျိုးရေး ကိစ္စရပ်တွေ ရှိနေသလို၊ ဓါတ်ပုံရိုက်ဖို့ သိပ်လှတဲ့ နေရာကောင်းတွေ အများကြီးမှ အများကြီး ရှိနေတဲ့နေရာတွေအဖြစ် ညွှန်းဆိုချင်ပါတယ်။

ပြည်ဝင်ခွင့်ဗီဇာများ

သုခလမ်းညွှန် ရဲ့ အစီအစဉ်နဲ့ ပြည်တွင်းကနေ ယူသွားစရာ အီဂျစ်နိုင်ငံ ဗီဇာ တစ်ခုပဲ လိုအပ်ခဲ့ပါတယ်။ အချို့လည်း အစ္စရေးဗီဇာ ယူကြပေမဲ့၊ အစ္စရေးဗီဇာ တုံးထုခံထားရတဲ့ ပတ်စ်ပို့အချို့ဟာ အမေရိကန်၊ တရုတ် အပါအဝင် နိုင်ငံကြီးတော်တော်များများ ဝင်ခွင့်လျှောက်ထားရာမှာ မေးမြန်းတာမျိုးရှိတတ်တယ်လို့ ဆိုကြပါတယ်။ တချို့လည်း ဒါဟာ မဟုတ်ဘူးလို့ ဆိုကြပြန်ပါတယ်။ ကျွန်တော့် မိတ်ဆွေတစ်ယောက်ရဲ့ ပတ်စ်ပို့စာအုပ်မှာ အစ္စရေးဗီဇာကြီး ပါဝင်နေပေမဲ့ သူဟာ တခြားနိုင်ငံတွေရဲ့ ဗီဇာတွေကိုလည်း လွယ်လင့်တကူ ရယူနိုင်နေတုန်းဆိုတာလည်း သိလိုက်ရပါတယ်။ ဘာပဲဖြစ်ဖြစ် ဒီဘက်ကလည်း စိတ်အချရဆုံးအနေအထားဖြစ်အောင် လုပ်ဆောင်ပေးလိုက်တာမို့ အစ္စရေးဗီဇာကို ဆိုက်ရောက်အဖြစ်ပဲ ရယူလို့ ရသွားခဲ့ပါတယ်။ ဂျော်ဒန် လည်း လွယ်ကူပါတယ်။ ပါလက်စတိုင်း နဲ့ အစ္စရေး နဲ့ကတော့ ဗီဇာ တစ်ခါတည်း ဆိုက်ရောက်ချိန် ရယူသွားလိုက်တဲ့ သဘောပါ။

ခရီးစဉ် လမ်းကြောင်း

ပထမ ကျွန်တော်ရေးထားတာ ရှိတယ်ဗျ။ စာက အရမ်းရှည်သွားတာ စာအုပ်ထုတ်ရမလောက် ဖြစ်သွားတော့၊ အဲ့ဒီစာကို ကျွန်တော် ပြန်ချုံ့ပြီး ထပ်ရေးလိုက်တယ်။ အဲ့ဒီတော့ ခရီးစဉ်ကို အပေါ်ယံရှပ်ပြီး ပြောသွားသလိုပဲ ဖြစ်နေမယ်။ ကျွန်တော် ခံစားရသမျှနဲ့ အရေးပါတဲ့ ကိစ္စလေးတွေကို စာတစ်ပုဒ်ချင်းစီအလိုက် သက်သက်ထပ်တင်သွားပါ့မယ်။ ပုံမှန်ကတော့ ရန်ကုန် လေဆိပ်ကနေ တိုက်ရိုက်ထွက်ခွာပြီး ဒူဘိုင်း လေဆိပ်ကနေ တဆင့် ဂျော်ဒန်က Amman မြို့ Queen Alia International Airport ကိုရောက်ပါတယ်။ လေယာဉ်စီးချိန် စုစုပေါင်း (၁၀) နာရီလောက် ရှိတတ်ပါတယ်။ ရန်ကုန်ကနေ ဒူဘိုင်း ကို ၇ နာရီခန့် နဲ့ ဒူဘိုင်း ကနေ Amman ကို ၃ နာရီလောက် ပျံသန်းရတတ်ပါတယ်။ ပြန်ရင်လည်း ဒီအတိုင်းပါပဲ။ ဒီတခါ ကျွန်တော့် ခရီးစဉ်မှာတော့ ရန်ကုန် ကနေ ဘန်ကောက် (ဘန်ကောက် တစ်ညအိပ်)၊ ဘန်ကောက် ကနေ ကူဝိတ် (ကူးပြောင်းချိန် ၄၅ မိနစ်)၊ ကူဝိတ် ကနေမှ Amman ကို လာခဲ့ပါတယ်။ ဘန်ကောက် ကနေ ကူဝိတ် လည်း အချိန် ၇ နာရီလောက် ပျံရပါတယ်။ ကူဝိတ်ကနေ Amman ကို ၂ နာရီကျော် ပျံရတာမို့ သူလည်း (၁၀) နာရီဝန်းကျင် ကြာတာပါပဲ။ အပြန်လည်း ဒီအတိုင်းဖြစ်ခဲ့ပါတယ်။ လေယာဉ်စီးချိန် ကြာမြင့်တာရယ် နေ့၊ ည အချိန်လွဲနေတာရယ်ကြောင့် ဂျော်ဒန်နိုင်ငံ Amman က လေဆိပ်ကို ရောက်တဲ့အခါ ညသန်းခေါင် ဖြစ်နေပါပြီ။ အချိန်အားဖြင့် မြန်မာနိုင်ငံထက် ၄ နာရီလောက် နောက်ကျပါတယ်။ Agent နဲ့ ချိတ်ဆက်ထားပြီးသားမို့ ဗီဇာအတွက် အဆင်ပြေပြေလုပ်ဆောင်နိုင်ခဲ့ပါတယ်။ တစ်ခုပဲ မူလအစီအစဉ်က ဂျော်ဒန်မှာ နှစ်ရက် နေဖို့ ဖြစ်ပေမဲ့ ခရီးစဉ်ရက်အရွှေ့အပြောင်းမှာ ဂျော်ဒန်မှာ တစ်ရက်ပဲ နေခွင့်ရမဲ့ သဘော ဖြစ်သွားခဲ့တယ်။


ဂျော်ဒန်နိုင်ငံမှာ Nebo တောင်မှာရှိတဲ့ မောရှေ အမှတ်တရပန်းခြံ (Memorial of Moses) ကို လည်ပတ်လေ့လာကြရပါတယ်။ ဒီတောင်ပေါ်မှာ သမိုင်းအဆောက်အဦးအပိုင်းအစတွေ၊ အနုပညာလက်ရာ အံ့မခန်းနဲ့ ဘုရားကျောင်းတော်တွေ၊ သမ္မာကျမ်းစာထဲက မြွေကျောက်တိုင်တွေကို တွေ့ကြရမှာပါ။


အဲ့ကနေ အစ္စရေးနိုင်ငံကို တစ်ခါတည်း ကူးကြပါတယ်။ ဗီဇာအတွက် နည်းနည်းရစ်တယ်လို့ နာမည်ကြီးတဲ့ နယ်စပ်ဂိတ်ကို ဖြတ်သန်းတော့ ထင်သလိုပဲ နည်းနည်းတော့ စည်းကမ်းတင်းကျပ်ပါတယ်။ ဒါပေမဲ့ အရင်ကထက် အများကြီး သဘောထားပျော့ပျောင်းသွားတာ တွေ့ရပါတယ်။ အရင်ဆုံး ဂျော်ဒန်ဘက်ခြမ်းမှာ ရှိသမျှ အထုပ်တွေ စစ်ဆေးစက်ထဲ တင်ပြီး ကားပေါ် တက်လိုက်ဆင်းလိုက် လုပ်ရတယ်။ နောက်တစ်ခါ Immigration ရုံးထဲဝင်ပြီး အထွက်တုံး ထုရတယ်။ အဲ့ဒီကနေမှ ကားကြီးနဲ့ အစ္စရေးဘက်ခြမ်း ဆက်သွားကြတယ်။ ဟိုရောက်တော့ ဂိတ်အခိုင်အမာ အဆင့်ဆင့်ကိုဖြတ်ပြီး သူတို့စစ်ဆေးတဲ့သူရဲ့ မေးခွန်းတွေကို ဖြေရတယ်။ ဘယ်ကလဲ ဆိုတာကို မြန်မာ လို့ပြောတော့ မသိလို့ဆိုပြီး အကြာကြီး စောင့်ရတဲ့ဘဝပါ။ အတော်ကြာမှ တံခါးဖွင့်ပေးပြီး အစ္စရေးဘက်က Immigration ရုံးထဲ ဝင်ရတယ်။ ဒီဘက်မှာ တစ်ခါ စစ်ဆေးရေးစက်တွေနဲ့ အိတ်တွေကို ထပ်စစ်ပါတယ်။ ဒီနေရာမှာတော့ ကြမ်းတယ်။ မသင်္ကာရင် အိတ်ကို ဖွင့်ခိုင်းပြီး တစ်ခုချင်းမေးပါတယ်။ မဖွင့်ခင်လည်း ဒီအိတ်ထဲမှာ မင်းပစ္စည်းတွေပဲလား၊ တခြားတစ်ယောက်ယောက် ထည့်ပေးလိုက်တာ တစ်ခုခု ပါသေးလား ဆိုတာ အရင်မေးတယ်။ တာဝန်ယူရဲလားမေးပြီးမှ ဖွင့်ပြရတယ်။ ကျွန်တော့အိတ်ထဲ ထည့်ယူလာတဲ့ လက်ဖက်ထုပ်၊ ဘာလချောင်ကြော်ထုတ်တွေကို ဘာတွေလည်းဆိုတာမေးပြီး ရှင်းပြခိုင်းလို့ ရှင်းပြခဲ့ရတယ်။ အဲ့ဒီအဆင့်ပြီးတော့ ဗီဇာကောင်တာတွေ ရောက်တယ်။ အဲ့ဒီမှာ မေးခွန်းတွေမေးတယ်။ မေးတာက လွယ်လွယ်တွေပါ။ ကျွန်တော့်ကို မေးတာဆိုရင် အဖေ နာမည်ဘယ်သူလဲ၊ အမေဘက်က အဘိုးနာမည်က ဘယ်သူလဲ တဲ့။ ဘာတွေလဲ ဖြစ်ကုန်ရော။ သူတို့ ဘာကို စစ်ဆေးချင်တာလဲ သိပ်မပြောတတ်။ ခဏနေတော့ ဒူဘိုင်းဗီဇာလည်း တွေ့ရော ထပ်မေးပါတယ်။ UAE နိုင်ငံတွေထဲက ဘယ်တွေ ရောက်ဖူးသေးလဲတဲ့။ ဒူဘိုင်း ရောက်ဖူးပါတယ်ဆိုတော့ သူတို့အချင်းချင်း စကားခဏပြောပြီးမှ ကျွန်တော့်ကို ဗီဇာကတ်ပြားလေး ညှပ်ပေးလိုက်ပါတယ်။ ဒီကတ်ပြားလေးကို ပြန်တဲ့အချိန်ကမှ အထွက်ဂိတ်မှ ပြန်ပေးရမှာမို့ မပျောက်အောင် သိမ်းထားဖို့တော့ လိုအပ်ပါတယ်။ သူတို့ ဗီဇာပိုင်းဟာ အရင်နှစ်တွေကထက် သဘောထား ပျော့ပြောင်းသွားတယ်လို့ ပြောကြပါတယ်။ Tourism ကို ပိုပြီး အလေးထားလာပုံလည်း ရတယ်။ တုံးထုတာ မကြိုက်တဲ့သူတွေအတွက် ကတ်ပြားစနစ်လေး ပြောင်းပေးထားတယ်။ မေးမြန်းတဲ့အခါလည်း ချိုသာလာတယ်လို့ အသိအမှတ်ပြုရပါတယ်။ ဒီ Holy Land ခရီးစဉ်တလျှောက်မှာ လည်စရာအများဆုံးက အစ္စရေး နဲ့ ပါလက်စတိုင်း နိုင်ငံတွေမှာပါ။ တကယ်တော့ အစ္စရေး နဲ့ ပါလက်စတိုင်း ဟာ ခွဲခြားမရတဲ့ ရပ်ကွက်နှစ်ကွက်လိုပါပဲ။ သဘောထားအမြင်တွေကြောင့် တံတိုင်းလေးပဲ ကွာခြားသွားပြီး နိုင်ငံနှစ်ခုအသွင် ကွဲပြားသွားတာပါ။ တချို့ရက်တွေမှာဆို တစ်ရက်တည်းကို အစ္စရေး နဲ့ ပါလက်စတိုင်း ကူးလူးသွားလာနေရတာတွေ ရှိပါတယ်။ Regional Guide တွေ ခရီးစဉ်မှာ ပါဝင်ပေမဲ့ သူတို့တွေဟာ ဗီဇာဆိုင်ရာမှာတော့ ဝင်ရောက်လုပ်ဆောင်ပေးခွင့် မရှိကြလို့ ကိုယ့်ဘာသာတော့ လုပ်ဆောင်ရပါတယ်။ Agent ကနေ အတွင်းက လူတစ်ဦးဦး နဲ့ ညှိနိုင်းပေးထားတာတော့ ရှိတတ်ပါတယ်။ ဗီဇာလည်းရလို့ အပြင်ထွက်လိုက်တာနဲ့ သက်ဆိုင်ရာ Regional Guide က ကားကြီးနဲ့ အသင့်ကြိုနေပြီးသားပါ။ ကျွန်တော်တို့လည်း အစ္စရေးရဲ့ လည်ပတ်စရာတွေကို စိတ်လှုပ်ရှားစွာနဲ့ ဆက်ပြီး လည်ပတ်လေ့လာခွင့်ရကြပါတယ်။

အစ္စရေးနိုင်ငံ ရောက်ပြီ

အစ္စရေး ကို ရောက်တာနဲ့ အစ္စရေးဟာ ဂျော်ဒန်နဲ့ ကွဲပြားစွာ အရမ်းလှပတဲ့ အိုအေစစ်လေး ဖြစ်နေမှန်း သိလိုက်ရတယ်။ အစ္စရေးမှာ စိမ်းလန်းစိုပြေနေတဲ့ လမ်းဘေးဝဲယာ ရှိတယ်။ စိုက်ခင်းစိမ်းစိမ်းလန်းလန်းတွေ ရှိတယ်။ ရေကန်အလှနဲ့ ခေတ်မီတဲ့ တိုက်တာ အဆောက်အဦးတွေ ရှိတယ်။ နိုင်ငံခြားသား ပိုများပြီး လှုပ်ရှားနေတဲ့သူတွေ ပိုများတာကို အံ့သြစွာ တွေ့လိုက်ရတယ်။ နေ့လည်စာ ကို ခရစ်ယာန်တွေ အတွက် ထူးခြားတဲ့ သမ္မာကျမ်းစာထဲကအတိုင်း ငါးနှစ်ကောင် နဲ့ မုန့်ငါးလုံး နေ့လည်စာ ကို အမှတ်တရ သုံးဆောင်ကြရပါတယ်။ အဲ့ဒီကနေမှ ဂါလိလဲအိုင် ကို ခရီးဆက်ခဲ့ကြပါတယ်။ Galilee ရေကန်ကြီး ကို ဝင်ရောက်ဖို့ Yigal Allon Centre ကို သွားကြရပြီး အဲ့ဒီမှာ “Man In The Galilee” Museum ကိုလည်း တွေ့ကြရပါတယ်။ အဲ့ဒီ ပြတိုက်ထဲမှာ ရေအိုင်ထဲက ပြန်ပြီး တွေ့ရှိ ဆယ်ယူထားတဲ့ လှေကြီး (သခင်ယေရှု ကိုယ်တော်စီးနင်းဖူးတယ်လို့ ယူဆရတဲ့) ကို ပြသထားတယ်လို့ သိရပါတယ်။ ဝင်ကြေးသက်သက်ပေးဆောင်ပြီး ကြည့်ရှုနိုင်ပါတယ်။ ကျွန်တော်တို့ကတော့ ဂါလိလဲအိုင်ထဲမှာ လှေစီးရင်း ရှုခင်းတွေခံစား၊ ဘုရားဝတ်ပြုရမဲ့ကိစ္စကို ပိုပြီး ရင်ခုန်စွာနဲ့ လှေစီးဖို့ သွားခဲ့ကြပါတယ်။ တကယ်က ဒီအိုင်ထဲမှာ လုပ်ဆောင်စရာတွေ များတယ်။ ငါးမြှားတာ၊ ရွက်လွှင့်တာ၊ ကယက်လှေလှော်တာ၊ Banana Boat စီးတာတွေ လုပ်လို့ရသေးပေမဲ့ ကျွန်တော်တို့ ခရီးစဉ်ကတော့ ဘုရားဝတ်ပြုဖို့ ဦးတည်နေတော့ စက်လှေကြီးကြီးပေါ်မှာ Father ရဲ့ ဦးဆောင်မှုနဲ့ ဘုရားဝတ်ပြုရင်း အိုင်ရဲ့ အလှ၊ အစ္စရေးရဲ့ အလှကို ခံစားခဲ့ကြပါတယ်။ တစ်ခုထူးခြားတာက သူတို့ လှေကြီးပေါ် ရောက်တာနဲ့ ဘယ်နိုင်ငံက လာတာလဲဆိုတာ ပြောပြီးရင် သူတို့က နိုင်ငံတော်သီချင်း ဖွင့်ပြပေးပါတယ်။ သူတို့ဆီမှာ နိုင်ငံအလံတွေလည်း အစုံထား ထားတယ်။ နိုင်ငံတော် သီချင်းဆိုတာနဲ့ တပြိုင်နက် အလံကို ကိုင်ပြီး ထွက်လာပေးတယ်။ ဒါဟာ ထူးခြားမှုလေးပေါ့။ Middle East နိုင်ငံတစ်ခုမှာ ကိုယ့်ရဲ့ နိုင်ငံတော်သီချင်း ကြားရတာ ကြက်သီးထစရာပါပဲ။ ဒါနဲ့ပဲ အဲ့ဒီနေ့လေးကို ကုန်ဆုံးခဲ့ပါတယ်။


နောက်ရက်တွေမှာတော့ ကာနန်မြို့ဘက် အလည်ထွက်ပြီး Mount Tabor (ရှင်ယောဟန် ရဲ့ နေအိမ်ဟောင်း၊ ရွာဟောင်း) ဘက်ကိုလည်ပတ်ပါတယ်။ Capharnaum ကာနန်မြို့ကိုလည်း လည်ပတ်ခဲ့ကြပါတယ်။ ရောမခေတ်က Capharnaum မြို့ဟာ ကြွယ်ဝတဲ့ ဂျူးတွေနေထိုင်ရာ အရပ်ပါ။ ဒီနေရာမှာပဲ သခင်ယေရှုဟာ သူ့ရဲ့ တမန်တော်တွေကို တွေ့ဆုံခဲ့တာဖြစ်ပါတယ်။ ဒီမြို့လေးဟာ တံငါသည်တွေ နေထိုင်ရာအရပ်လည်းဖြစ်ပါတယ်။ ခမ်းနားခိုင်ခံ့တဲ့ တံငါသည်တွေရဲ့ အိမ်တွေကို အပျက်အစီးတွေကြားက ပြန်လည်ပြီး စုစည်းတည်ထောင်ပေးထားတာကို မြင်တွေ့ရသလို၊ အဲ့ဒီခေတ်က သုံးစွဲခဲ့တဲ့ အသုံးအဆောင်တွေက အစ ပြန်လည်တူးဖော်တွေ့ရှိရသမျှကို ပြသထားတဲ့နေရာလည်း ဖြစ်ပါတယ်။


ဒါ့အပြင် တခြား နာမည်ကြီး ဘုရားကျောင်းအတော်များများကို အံ့သြလို့ မကုန်နိုင်အောင် လည်ပတ်လေ့လာခွင့်ရခဲ့ပါတယ်။ အချို့ဘုရားကျောင်းတွေမှာ ဘုရားရှိခိုးဝတ်ပြုခြင်းအစီအစဉ်တွေ အလျဉ်းသင့်သလို လုပ်ဆောင်ကြပါတယ်။ သခင်ယေရှု ကားတိုင်ထမ်းတက်တဲ့ ကာရာနီကုန်းပေါ်လည်း ရောက်ခဲ့ပြီး နေရာ (၉) နေရာမှာ ဆုတောင်းခြင်းအမှုကိုလည်း ပြုခွင့်ရပါတယ်။ အတော်လေး ကျေနပ်ရတဲ့ ဘုရားဖူး ခရီးစဉ်ပါ။


ဒါ့အပြင် အစ္စရေး နဲ့ ပါလက်စတိုင်း နှစ်နိုင်ငံကို ခြားထားတဲ့ တံတိုင်းလေးကို လွန်ပြီး ဟိုဘက် ဒီဘက် ကူးခတ် သွားလာရတာလည်း တစ်မျိုးလေး ထူးခြားနေပါတယ်။ ဗက်သလင်ဟမ်မြို့ နဲ့ ဂျေရုဆလင်မြို့တွေကိုလည်း ကူးလူးသွားခဲ့တယ်။ သခင်ယေရှုဖွားမြင်ရာ နွားတွင်းကုတ် တည်နေရာ Nativity Church လည်း ရောက်ခဲ့ကြသလို သိုးထိန်းတွေကို ကောင်းကင်တမန်က သတင်းကောင်းလာပြောတယ်လို့ ယူဆကြတဲ့ နေရာလေးကိုလည်း ရောက်ခဲ့တယ်။ ခုတော့ ဘုရားကျောင်းတွေ တည်ထားပြီပေါ့။ ဂျေရုဆလင်မြို့ကို ကြည့်ရင်း သခင်ယေရှုမျက်ရည်ကျရတဲ့တောင်ကုန်းကိုလည်း ရောက်ခဲ့သလို အဲ့ဒီနေရာကနေ တစ်ဘက် ဂျေရုဆလင်မြို့ရဲ့ အလှကိုကြည့်ရတာလည်း တစ်မျိုးတစ်ဘာသာ ဆန်းသစ်နေတယ်။ ဒီဘက်က မျက်ရည်ပုံဘုရားကျောင်းကလည်း ထူးခြားလွန်းလှပါတယ်။


အစ္စရေး ရဲ့ နောက်ဆုံးခရီးစဉ်အဖြစ်တော့ ပင်လယ်သေ မှာ ရွှံ့လိမ်း အပန်းဖြေရင်း ကုန်ဆုံးကြတယ်။ ဆားငန်နှုန်း မြင့်မားလို့ လူဘယ်လိုကူးကူး မမြုပ်နိုင်တဲ့ ထူးခြားလွန်းတဲ့ ရေအိုင်မှာ အသားအရေ လှပတဲ့ ရွှံတွေ ရှိနေတယ်။ အဲ့ဒါတွေကို လိမ်းပြီး အနားခဏယူရတာလည်း ပျော်ဖို့ကောင်းပါတယ်။ အဲ့ဒီကနေ ဂျော်ဒန်မြစ်ကို Holy Water အဖြစ် ယူဆောင်လိုသူများ၊ ရေနှစ်ခြင်းပြုလုပ်လိုသူတွေအတွက် အချိန်ပေးပါသေးတယ်။


အစ္စရေးကနေ အီဂျစ်ကိုလည်း ကားနဲ့ပဲ ဆက်ကူးကြပါတယ်။ အီဂျစ် ပြည်ဝင်ခွင့်ဂိတ်ကို ဖြတ်ကျော်ပြီးတဲ့အခါမှာ အီဂျစ်ပြည်ဟာ ရှေ့က အစ္စရေးနဲ့ အတော်ကွာတာကို သတိထားမိတယ်။ ကျွန်တော်က အစ္စရေးကို ပိုကြိုက်ပါတယ်။ အီဂျစ်မှာတော့ ဘုရားဖူးတဲ့ နေရာ နည်းသွားပါပြီ။ မောရှေ ပညတ်တော် ဆယ်ပါး ယူတဲ့နေရာ Mount Sinai ကို တက်ရတာကတော့ ဒီပြည်မှာ အထူးခြားဆုံးပါ။ ညဘက် သန်းခေါင်ကို ကုလားအုတ်စီးပြီး တက်ရတာ ရင်တဖိုဖိုပါဗျ။ တချို့လည်း မစီးရဲဘူး။ အရဲစွန့် စီးကြတယ်။ လမ်းတစ်ဝက်လောက်ထိပဲ ကုလားအုတ်က တက်ပြီး ကျန်တဲ့ ခရီးတစ်ဝက်ကိုက လမ်းလျှောက် တက်ရပြန်ပါတယ်။ ဒီတောင်ထိပ်မှာတော့ ဘုရားကျောင်းလေး နဲ့ ဗလီကျောင်းလေး တစ်ခုစီ ရှိပါတယ်။ အငြင်းပွားရာ နေရာတစ်ခုလည်း ဖြစ်ပါတယ်။ အဲ့ဒီနေ့ကိုတော့ Mount Sinai မှာ ကုန်ဆုံးပြီး နောက် မနက် ၄ နာရီလောက်မှာ တောင်ခြေက တည်းခိုရာ ဟိုတယ်ကို ပြန်ရောက် အနားယူပြီး မနက် (၉) နာရီလောက်မှာ ပြန်ထွက်လို့ မြို့တော် ကိုင်ရို ကို သွားကြပါတယ်။ ကိုင်ရိုမြို့ကို မသွားခင် စိန့်ကက်သရင်းကျောင်းဝန်းကိုလည်း လေ့လာခွင့်ရကြပါတယ်။


စူးအက်တူးမြောင်းကို ဖြတ်သွားရတာတော့ ဒီခရီးမှာ သဘောအကျဆုံးပါ။ ကိုယ်က ပင်လယ်အောက်မှာ ကားစီးသွားနေရတဲ့ ဆိုတဲ့ ခံစားချက်ကို အဲ့မှာ သိရတယ်။ အီဂျစ်မှာတော့ ပစ်ရမစ်တွေကို လေ့လာ၊ နိုင်းမြစ်ပေါ် သင်္ဘောစီးရင်း ညစာ စား၊ ဈေးဝယ်ထွက်၊ နာမည်ကျော် အီဂျစ်ရဲ့ အလှဆီနဲ့ ဆေးအဆီတွေကို ဝယ်၊ ပန်းချီကားတွေဝယ်၊ Holy Family Church နဲ့ Hanging Church တွေကို လေ့လာခဲ့ကြပါတယ်။ ဒီနောက်တော့ ရန်ကုန်ကို ကူဝိတ်လေဆိပ်ကနေ တဆင့် ဘန်ကောက်ကိုဝင်၊ ဘန်ကောက်ကနေမှ နောက်ရက် ရန်ကုန်ကို ပြန်ခဲ့ကြပါတယ်။


အစားအသောက်

စီစဉ်ပေးတဲ့ ခရီးသွားလုပ်ငန်းကတော့ တတ်နိုင်သမျှ မြန်မာလျှာနဲ့ ကိုက်ညီမဲ့ အိန္ဒိယ အစားအစာကို စီစဉ်ပေးထားပေမဲ့ ကြာတော့လည်း ငြီးငွေ့တယ်ပေါ့လေ။ မြေထဲပင်လယ် အစားအစာကတော့ ကိုယ်တွေမှာ ကြိုက်သူ အရမ်းနည်းပါလိမ့်မယ်။ တခြားဒေသ အစားအစာတွေ ရပေမဲ့ ခရီးသွားလုပ်ငန်းအနေနဲ့ကျတော့လည်း သူ့အတိုင်းအတာအတွင်းက စီစဉ်ရတာမျိုးရှိနိုင်တော့ ဒီခရီးစဉ်ကို သွားမဲ့သူတွေကို အကြံပြုချင်တာက ကိုယ်ကြိုက်တတ်မဲ့ လက်ဖက်၊ ဘလာချောင်ကြော်၊ ငရုတ်သီးကြော်တွေကို ဆီလုံလုံ ထည့်ပြီး ယူသွားစေချင်တယ်။ တချို့လည်း ကြက်ကြော် ဝက်ကြော်လေးတွေကို တိတ်တိတ်ထည့်လာပါတယ်။ တချို့စားသောက်ဆိုင်တွေက ဝက် စားတာ မကြိုက်တော့ ခိုးစားရတာလည်း ရှိနိုင်ပါတယ်။ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ ကူးတဲ့အခါမှာတော့ ဒီ အခြောက်အခြမ်းတွေကို စစ်ဆေးမေးမြန်းခံရတတ်ပါတယ်။ သေချာရှင်းပြရင် သူတို့လက်ခံပါတယ်။

လူမှုစရိုက် နဲ့ ယုံကြည်ကိုးကွယ်မှု

ဂျော်ဒန်၊ အစ္စရေး နဲ့ ပါလက်စတိုင်း သင့်မြတ်လှတယ် မဟုတ်ပေမဲ့ ကိုယ့်ကိုကိုယ် အရမ်းမြင့်မြတ်တဲ့ လူမျိုးအဖြစ် ခံယူထားပုံချင်းတော့ တူညီပါတယ်။ ဂျော်ဒန်ကလည်း သူ့လူမျိုးတွေသည် White Collar လို့ခေါ်တဲ့ ပညာတတ်ရုံးအလုပ်ပဲ လုပ်တဲ့ လူမျိုးလို့ ခံယူထားသလို အစ္စရေး ကလည်း သူတို့လူမျိုးဟာ ဉာဏ်ကြီးရှင်တွေ၊ ကွန်ပျူတာဆော့ဝဲလ်ပညာရပ်ကို အထူးကျွမ်းကျင်လုပ်ဆောင်နိုင်သူတွေအဖြစ် ဂုဏ်ယူကြပါတယ်။ အီဂျစ် ကတော့ အိန္ဒိယ သာသာပါပဲ။ တချို့နေရာတွေဆို အတော်ညစ်ပတ်ပါတယ်။ ကျန်တဲ့ နိုင်ငံတွေက သန့်ပြန့်နေပါတယ်။ ကိုးကွယ်ယုံကြည်မှုမှာ ဂျူးဘာသာဝင်တွေ နဲ့ အစ္စလာမ်ဘာသာဝင်တွေ များပြားပြီး ခရစ်ယာန်ဘာသာဝင်များလည်း ရှိကာ အခြားသော ဘာသာယုံကြည်မှုတွေလည်း ရှိနေပါတယ်။ ကိုယ့်ရဲ့ Regional Guide ဟာ အစ္စလာမ်ဘာသာဝင် ဖြစ်နေနိုင်သလို၊ ကားဆရာက လည်း ဂျူးဘာသာဝင် ဖြစ်နေနိုင်ပါတယ်။ ဒီနေရာကို ကျွန်တော်တို့ဆီက ခရစ်ယာန်ဘာသာဝင်တွေ အလည်လာကြတာများတဲ့အခါ ဒီကလူတွေအားလုံးကို ခရစ်ယာန်ဘာသာဝင်တွေလို့ ထင်စရာအကြောင်းရှိတတ်လို့ပါ။ ဒါကြောင့် တခြားသောဘာသာကို ပုတ်ခတ်ပြောဆိုတာမျိုး၊ နှိမ့်ချပြောဆိုတာမျိုးနဲ့ အမူအရာအရ ဖော်ပြတာမျိုးကို မလုပ်မိဖို့ လိုအပ်ပါတယ်။

ဈေးနှုန်း နဲ့ အဆက်အသွယ်

ဒီခရီးစဉ်ကို စိတ်ပါဝင်စားရင် သုခလမ်းညွှန် Travels & Tours - Outbound Dept; ခရီးသွားလုပ်ငန်း ကို ဆက်သွယ်စုံစမ်းနိုင်ပါတယ်။

လိပ်စာ - အမှတ် ၁၅၆၊ ဆင်ရေတွင်းမှတ်တိုင်၊ အင်းစိန်လမ်းမကြီး၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်။

ဖုန်း - 09-252929722 / 733 / 744 / 755 / 766

ဈေးနှုန်းကတော့ တစ်ဦး ကို USD 2,300 ပဲ ဖြစ်ပါတယ်။ (အချိန်အခါအလိုက် အတက်အကျရှိနိုင်ပါတယ်။ ဒါက ကျွန်တော် သွားခဲ့တုန်းက ဈေးနှုန်းပါ။)

ထူးခြားတဲ့ ကမ္ဘာ့အံ့ဖွယ် ပစ်ရမစ်တွေကို မြင်ခွင့်ရခဲ့ပြီ။
သက်တမ်းရှည်ကြာ ဆန်းကြယ်ခမ်းနားမှုတွေနဲ့ အီဂျစ်ပစ်ရမစ်တွေ

ဘုရားဖူးခရီးစဉ်ကို တစ်မျိုးတစ်ဘာသာလေး ကျွန်တော် လေ့လာခွင့်ရခဲ့တဲ့ ခရီးစဉ်ဖြစ်ပါတယ်။ ကျွန်တော်တုန်းကတော့ သုခလမ်းညွှန် နဲ့ သွားခဲ့တယ်။ ကျွန်တော့်မိတ်ဆွေတွေကတော့ အဆင်ပြေရာနဲ့ သွားနိုင်ပါတယ်။ သေချာတာတော့ သိပ်လှလွန်းလို့ နောက်တစ်ခါ ပြန်သွားချင်မိမဲ့ တိုင်းပြည်တွေ ဆိုတာပါပဲ။ ကျွန်တော့်ကို အစ္စရေးက မြို့တွေကို သွားရအောင် လာပြောရင် ခုချက်ချင်းကို ထလိုက်မိလောက်အောင်ကို အစ္စရေး ဟာ ကျွန်တော့်အသည်းကျော် ဖြစ်သွားခဲ့တယ်ဆိုတာပါပဲဗျာ။ အားလုံးပဲ အစဉ်ဘေးကင်းလုံခြုံ ပြည့်စုံပျော်ရွှင်ကျန်းမာစွာ ခရီးသွားနိုင်ကြပါစေ။

သီဟလုလင် (Thiha, the Traveller)

ယခု ခရီးသွားဆောင်းပါး နှင့် ဓါတ်ပုံများအား ကျွန်တော်၏ တိုက်ရိုက် ခွင့်ပြုချက်မရှိဘဲ၊ မည်သည့် မီဒီယာ၊ Website နှင့် လူမှုကွန်ယက်ပေါ်တွင်မှ ပြန်လည် ကူးယူဖော်ပြခြင်းများကို လုံးဝ ခွင့်မပြုပါ။

1 Comment


Guest
Jul 11, 2021

စွမ်းနိုင်တဲ့သူတွေ

Like
Thiha, the traveller logo

Thiha, The Traveller

Travel & Lifestyle Blog

  • Facebook
  • Instagram
  • YouTube
  • TikTok
  • Twitter
  • Spotify
  • Pinterest
  • RSS

TIPS & INSPIRATION

Get Inspired! Receive travel discounts, the secrets and tips that you need to get to know the most impressive places in the world.

သတင်းလွှာ ရယူဖို့ ဖောင်ဖြည့်နိုင်ပါတယ်။ ပြည်တွင်းပြည်ပ ခရီးစဉ်များ နေ့စဉ်တင်ဆက်မှုအသစ်တွေ အပါအဝင် ကံစမ်းမဲလက်ဆောင်များ၊ ခရီးစဉ်လျှော့ဈေးများ စတဲ့ စတဲ့ အခွင့်အရေးများစွာကို ရယူခံစားနိုင်မှာ ဖြစ်ပါတယ်ခင်ဗျာ။

Copyright © 2024 Idea Landmark Myanmar | Thiha, the Traveller - All Right Reserved.

I may earn commission (at no extra cost to you) from some affiliate links if you choose to purchase through them. (Learn more)

bottom of page