top of page

About

THIHA

IMG_7143.JPG
Name.png

Mingalarbar!

I'm Thiha from Myanmar who aspires to travel around the world and learn as much as possible. I share my travel stories here supported by beautiful photos, videos and more. I love travelling to enquire, to hear local stories, to enjoy the nature and of-cause to have fun.

Follow

THIHA

brush1.png
TikTokbrush.png
brush4.png
youtubebrush.png
Subscribe

နေ့စဉ် ပြည်တွင်းပြည်ပ ခရီးသွားသတင်းထူးများအပါအဝင် ခရီးစဉ်လည်ပတ်စရာများအကြောင်းတွေ နဲ့ ဒေသန္တရ ဗဟုသုတအစုံအလင် သိရှိနိုင်ဖို့ အပတ်စဉ်သတင်းလွှာ လေးကို ခုပဲ ရယူလိုက်ပါ။ စာရင်းသွင်းသူများအတွက် ကျွန်တော့်ရဲ့ ပထမဆုံး ပုံနှိပ်စာအုပ် "၁၇" ကဗျာနဲ့ဝတ္ထုတိုစာအုပ်ကို လက်ဆောင် ပေးပို့သွားမှာ ဖြစ်တဲ့အပြင် သတင်းလွှာကနေတဆင့် အခမဲ့ခရီးသွားခြင်းအစီအစဉ်တွေ၊ ခရီးသွားလက်ဆောင်တွေ စတဲ့ ထူးခြားအခွင့်အရေးတွေလည်း သိရှိနိုင်ဦးမှာပါ။

ခုပဲ အမည် နဲ့ အီးမေးလ်လိပ်စာထည့်ပြီး စာရင်းသွားလိုက်နိုင်ပါပြီ။

Thanks for submitting!

Writer's pictureThiha Lu Lin

ကလောမှာ တောလမ်းလျှောက်တာ သိပ်နာမည်ကြီးနေတယ် (၁)


အရင်က နိုင်ငံခြားသားတွေပဲ လုပ်လေ့လုပ်ထရှိတဲ့ Trekking ကို ခုတော့ တစခန်းထပြီး ပြည်တွင်းခရီးသွားတွေ စိတ်ဝင်စားလာကြတယ်။ ဒါပေမယ့် တကယ်လုပ်ချင်စိတ်များပြီး လုပ်ဖြစ်သွားတာက လူငယ်ပိုင်းတွေပါ။ နိုင်ငံခြားသားတွေ Trekking လုပ်ရင် လူလတ်ပိုင်းနဲ့ သက်ကြီးပိုင်း ပိုများပါတယ်။ ကျွန်တော်တို့တွေလောက်လည်း ကိုယ့်ကိုကိုယ် သက်ကြီးစိတ် ဝင်လွယ်တာမျိုး မဖြစ်တတ်ကြဘူး။ သူတို့ကို အသက်ကြီးတဲ့လူလို ဆက်ဆံတာမျိုးကို တချို့ဆို မကြိုက်ကြဘူးလေ။ ဒါမျိုးက အခုချိန်မှာ မဖြစ်သေးပေမယ့် ခုလို Trekking ကို စိတ်ဝင်စားတဲ့လူငယ်တွေ သက်ကြီးပိုင်းရောက်လာတဲ့ တစ်နေ့ကျရင်တော့ တခြားနိုင်ငံကလူတွေလိုပဲ တက်ကြွစွာ လုပ်ဆောင်ကြဦးမယ်လို့ ကျွန်တော်တော့ ယုံကြည်တယ်။


ဇာတ်လမ်းစတာက သူငယ်ချင်း (၁၀) ယောက်လောက်ဖြစ်မယ်ထင်တယ်။ သွားဖို့လည်း နီးလာရော (၆) ယောက်လောက်က သေချာတယ်လို့ဆိုတယ်။


ဒါနဲ့ ကျွန်တော့ရဲ့ မိတ်ဆွေလည်း ဖြစ်တဲ့ ကလောက နာမည်ကြီး Trekking Guide ဦးဦးရဲ ကလောသား (U U Ye Kalawthar) ကို သွားမယ့်ရက်အတွက် ကြိုတင် ရက်ချိန်းယူတယ်။ သူက ဖေ့စ်ဘွတ်ခ် ကနေ တဆင့် လူသိများလာတဲ့သူမို့ သူ့မှာက ရက်ပြည့်နေတတ်တော့ သေချာပြီဆိုတာနဲ့ ရက်ညှိတယ်။ ဒါတောင် သူအားမယ့်ရက်ကိုလိုက်ပြီး ကိုယ်က ရက်ကို အတိုးအလျော့လုပ်၊ သူကလည်း မိတ်ဆွေမို့ သူ့ရက်ကို အဆင်ပြေဆုံးပြန်ညှိနဲ့ နောက်ဆုံး အောက်တိုဘာလ (၇ - ၈) သေချာသွားတယ်။ ကျွန်တော်တို့ကလည်း တစ်ညအိပ်လောက်ဆို တောလမ်းသွားချင်နေတဲ့ အာသီသ ပြေလောက်ပြီလို့ ယူဆလို့ ရွာမှာ တစ်ညအိပ်ဖို့ပဲ စဉ်းစားဆုံးဖြတ်လိုက်တယ်။ ဖြစ်ပါပြီ။ တကယ်သွားမယ့် ရက်နားလည်းနီးရော သူငယ်ချင်း (၄) ယောက်ပဲ ဖြစ်သွားပါတော့တယ်။ သိပြီးသားလေ။ ဒီအတွက်ပြင်ဆင်ပြီးသားကိုး။ အောက်တိုဘာလ (၆) ရက်နေ့ ည လုမ္ဗနီ အထူးကားနဲ့ ကလောမြို့ကို တက်လာခဲ့တယ်။ ငယ်ငယ်က ကြားဖူးခဲ့တဲ့ "မီးရထားလေးကို ကိုယ်စီးကာ၊ ကလောမြို့လေးကို အလည်ရောက်လာ" ဆိုတဲ့ သီချင်းစာသားလေးက ခေါင်းထဲ ခဏခဏပေါ်လာတယ်။ ခရီးသွားရင် မအိပ်တတ်တဲ့သူမို့ အင်တာနက်သုံးလိုက်၊ သီချင်းနားထောင်လိုက်နဲ့ အရမ်းအိပ်ချင်လာတဲ့ တစ်ချက်အငိုက်မှာ ကလော ရောက်ပါပြီဆိုပြီး ဆင်းမယ့် ကလောဈေးရှေ့ လက်မှတ်ဂိတ်နားရောက်တော့ ယာဉ်အကူမောင် တစ်ဦးက လာနှိုးပါတယ်။ အိပ်မှုန်စုံမွှားနဲ့ပဲ အဝတ်အိတ်တွေရွေးပြီး၊ ကလောဈေးရှေ့ ကားလက်မှတ်ဂိတ်က ညလုံးပေါက်ဖွင့်တဲ့ လက်ဘက်ရည်ဆိုင်လေးမှာ သွားထိုင်ပြီး ဦးဦးရဲ ကလောသား ကို စောင့်နေလိုက်တယ်။ အချိန်ကြည့်တော့ မနက် (၄) နာရီ။


တချို့က ကလောမှာ တစ်ရက်အိပ်ပြီး နောက်ရက်မှ တောလမ်းလျှောက်ကြပေမယ့် ကျွန်တော်တို့အစီအစဉ်က ချက်ခြင်း လျှောက်ချင်တာမို့ မနက်ပိုင်း နေစရာ မရှိဖြစ်နေတယ်။ ဦးဦးရဲ ကလောသား က သူ့အိမ်မှာ ခဏနားလို့ရတယ်လို့ ကူညီတာမို့ သူလာခေါ်တာကို စောင့်နေကြတာပါ။ လက်ဘက်ရည်ဆိုင်ထဲမှာ နိုင်ငံခြားသားတွေ တော်တော်များများရှိနေပြီး၊ ဒေသခံ ဆိုင်ကယ်ဆရာတွေလည်း များပါတယ်။ ခဏကြာတော့ ဦးဦးရဲ ကလောသား ရောက်လာပြီး ကျွန်တော်တို့နဲ့အတူ တောလမ်းလျှောက်မယ့် ညီမငယ် နှစ်ယောက် ရှိလို့ သူတို့ကား မရောက်သေးတဲ့အတွက် ဆက်စောင့်ကြမယ်ဆိုတာနဲ့ ကျွန်တော်က သူငယ်ချင်းတွေနဲ့ သူနဲ့ကို မိတ်ဆက်ပေးပြီး ရောက်တတ်ရာရာ ပြောလို့ ဆက်စောင့်ကြပေမယ့် သူတို့စီးလာတဲ့ကားက နောက်ကျနေတာကြောင့် ဦးဦးရဲ ကလောသားက ကျွန်တော်တို့အဖွဲ့ကို သူ့အိမ်ကို ကားနဲ့ တစ်ခေါက် ပို့ခိုင်းလိုက်ပါတယ်။


သူတို့အိမ်ရဲ့ ဧည့်ခန်းမှာ ကျွန်တော်တို့ (၄) ယောက်စာ အိပ်ရာလေးပြင်ထားပြီး ခေါင်းအုံး၊ စောင်တွေ အသင့်ချပေးထားတော့ အတော်လေး အားနာသွားရတယ်။ အိပ်ဖို့သာပြင်တယ် အိပ်လို့က မပျော်တော့လို့ အချင်းချင်း စရင်း နောက်ရင်းနဲ့ ကျွန်တော်တို့အဖွဲ့နဲ့ အတူလျှောက်မယ်ဆိုတဲ့ ညီမ (၂) ယောက် ရောက်လာလို့ သူတို့ကို အခန်းတစ်ခုမှာ နားဖို့ စီစဉ်ပေးတယ်။ မနက် (၆) နာရီလောက်မှာ ဦးဦးရဲ ကလောသား က သူတို့အိမ်က ကိုယ်တိုင်ကြော်တဲ့ အီကြာကွေး ပူပူလေးကို ကော်ဖီနွေးနွေးနဲ့ ဧည့်ခံတော့ ဗိုက်ဆာဆာနဲ့ ကျွန်တော်တို့တွေ အပီဆွဲပေါ့။ ပြီးတာနဲ့ ရေမိုးချိုးပြင်ဆင်ပြီး တောလမ်းလျှောက်ဖို့ အသင့်အနေအထားဖြစ်သွားကြတယ်။


ကလောမှာ Trekking လုပ်မယ်ဆိုရင် အလှပြဖို့အတွက် ထူထဲနေတာတွေ၊ တိုလွန်းပြတ်လွန်းတာတွေ မလိုအပ်ဘဲ မဝတ်ဖို့ လိုပါတယ်။ ဖိနပ်အကောင်းစားတွေလည်း သယ်မလာပါနဲ့ (မိုးတွင်းကာလဆို ပိုသတိထားရပါမယ်)။ ပေါ့ပေါ့ပါးပါး ဖြစ်နိုင်သမျှ ဖြစ်အောင် ဝတ်ဆင်ဖို့လိုပါတယ်။ ကိုယ်က လျှောက်နေကျလူမျိုးမဟုတ်ရင် ကျောပိုးအိတ်ထဲ မလိုအပ်ဘဲ ပစ္စည်းတွေ အများကြီး သယ်မသွားပါနဲ့။ ရွာမှာ တစ်ညအိပ်စာအတွက် လုံလောက်တဲ့ အဝတ်အစား (သယ်လို့ပေါ့မယ့်ဟာလေးတွေ) နဲ့ ဆေး၊ အသုံးအဆောင်လောက်ပဲ သယ်ပါ။ တကယ်သယ်နိုင်လို့ သယ်တာကိုတော့ အားပေးပါတယ်။ မဟုတ်ရင် လမ်းမှာ လွှင့်ပစ်ချင်စိတ်ပေါ်လာပါလိမ့်မယ်။ မြက်ရှနိုင်လို့ အတိုလေးတွေ ဝတ်တာ သတိထားဖို့လိုပါတယ်။ အရမ်းကျပ်တဲ့ဘောင်းဘီတွေက ပေါင်ပွန်းတာမျိုးဖြစ်စေနိုင်တဲ့အပြင် ကျော်ရ လွှားရ ကုတ်ဖဲ့တက်ရတဲ့ နေရာတွေလည်း ရှိလို့ ဒါမျိုးကိုလည်း ရှောင်သင့်ပါတယ်။ ဦးထုပ်တော့ လိုအပ်ပါတယ်။ လက်ရှည်အင်္ကျီလည်း ဝတ်သင့်တယ်။ နေလောင်နိုင်ချေအရမ်းများပါတယ်။ တစ်နေ့လုံး လမ်းလျှောက်နေရမယ်ဆိုတာရယ်၊ သစ်ပင်ကြီးတွေအောက် သွားနေရမှာမဟုတ်ဘူး ဆိုတာလေး ကြိုတွေးထားပါ။ ဆေးကတော့ အစာကြေဆေး၊ အကိုက်အခဲပျောက်ဆေး နဲ့ ဒါဏ်ကြေဆေးတွေလောက်ဆို ရပါပြီ။ ဓါတ်ပုံရိုက်တာ အရမ်းစိတ်ဝင်စားသူတွေအတွက်ကတော့ တစ်လမ်းလုံးက မှတ်တမ်းတင်မဆုံးအောင်မို့ အားအပြည့်ဖြည့်သွားပါ။ ဖုန်းအတွက်လည်း အားအပြည့်ဖြည့်ဖို့လိုသလို၊ Power Bank လည်းဆောင်သွားပါ။ ရွာမှာ ဆိုလာမီးပဲ ရှိပါတယ်။ အားသွင်းဖို့အတွက် အဆင်သိပ်မပြေလှပါဘူး။ တစ်ကိုယ်ရည်သုံး ရေချိုးပစ္စည်းနဲ့ အလှကုန်လည်း မမေ့ပါနဲ့လို့။ ကျွန်တော်က ပိုပိုသာသာ ခြင်ကာကွယ်လိမ်းတဲ့ ကရင်မ်ဗူးလေး ယူသွားသေးပေမယ့် မလိုအပ်ခဲ့ဘူး။


မနက်ခင်း (၇) နာရီလောက် အားလုံး အဆင်သင့် ဖြစ်နေတဲ့ အချိန်မှာ ဦးဦးရဲ ကလောသား အိမ်ကနေ စီစဉ်ထားတဲ့ ကားလေးနဲ့ ကျွန်တော်တို့ သူငယ်ချင်း (၄) ယောက်၊ ပြီးတော့ ကျွန်တော်တို့နဲ့ ပေါင်းပြီး လျှောက်မယ်ဆိုတဲ့ အာဂ ညီမငယ် (၂) ယောက်၊ ပေါင်း (၆) ယောက် ကလောမြို့မဈေးကြီး ကို ထွက်လာကြတယ်။ ကားပေါ်ရောက်ရောက်ချင်းပဲ ကျွန်တော်က တစ်ဖက်က ညီမငယ်နှစ်ယောက် နေရခက်မှာစိုးလို့ စပြီး မိတ်ဆက်ရင်း တခြားသူငယ်ချင်းတွေနဲ့ပါ မိတ်ဆက်ပေးလိုက်တော့ သူတို့လည်း အေးအေးဆေးဆေးနဲ့ ခရီးထွက်တာကို စိတ်အားထက်သန်တဲ့သူမျိုးမှန်း ရိပ်စားမိလာတယ်။ စတွေ့စမို့ နည်းနည်း ရှိန်နေပေမယ့် ကျွန်တော်တို့ အဖွဲ့ရဲ့ အရွှန်းဖောက် ပြောဆိုမှုတွေကြားမှာ သူတို့လည်း လိုက်ပါ ရယ်မောရင်းနဲ့ တကယ့် မောင်နှမဆွေမျိုးတွေလို ခဏလေးအတွင်း ဖြစ်သွားတယ်။ ဟိုရောက်တော့ ဈေးထဲက ဆိုင်တစ်ဆိုင်မှာ ဝင်ပြီး ရှမ်းပြည်ရဲ့ ရသာစုံ မနက်ခင်းစာတွေဖြစ်တဲ့ ရှမ်းခေါက်ဆွဲ၊ တို့ဟူးနွေး၊ ငါးထမင်းနယ်၊ ဖက်ထုပ်ပေါင်း၊ တို့ဟူးကြော် စုံနေအောင်ကို တစ်ယောက်နှစ်မျိုးလောက် မှာစားလိုက်ကြတယ်။ တစ်ပွဲကို ၅၀၀ ကျပ် ဝန်းကျင် (ဒါတောင် ဈေးတက်သွားတာ၊ အရင်က ၃၀၀ ကျပ်ပဲ) နဲ့ ရှမ်းပြည်အရသာစစ်စစ်ကို အားရပါးရ စားရလို့ စိတ်ထဲမှာဖြစ်တဲ့ ခံစားချက်က ဖော်ပြဖို့ ခက်တယ် တကယ်။ စားနေတုန်းပဲ ဦးဦးရဲ ကလောသားနဲ့ အတူ တောလမ်းလျှောက်ဖို့ ကူပေးမယ် ကိုစည်သူ လည်း ရောက်လာပါတယ်။ စားပြီးတာနဲ့ ဈေးအလယ်လမ်းမကြီးက ဖိနပ်ရောင်းတဲ့ဆိုင်မှာ ကျွန်တော်တို့ စီးဖို့ စစ်စိမ်းရောင် ဖိနပ်တွေ နဲ့ ခြေအိတ်ရှည်တွေ ဝယ်ကြတယ်။ ဖိနပ်တွေက ကင်းဗတ် ပိတ်ဖိနပ်လည်ရှည်မို့ ခြေအိတ်အတိုတွေချည်းပဲ ယူလာမိတဲ့ ကျွန်တော်က ခြေသလုံးထိရောက်တဲ့ ခြေအိတ်အရှည်ကို ပြန်ဝယ်ရပါတယ်။ ဈေးမကြီးဘူး။ ကျပ် ၃ ထောင်လောက်ဆို အဆင်ပြေပြီလေ။


ပြီးတာနဲ့ တောလမ်း စလျှောက်ရမယ့် နေရာဘက်ကို ကားလေးနဲ့ ထွက်လာကြတော့ ဒီလိုအချိန် လမ်းဘေးမှာ အလေ့ကျပေါက်ပြီးပွင့်တတ်တဲ့ အဝါရောင်ပန်းလေးတွေ အပြည့်ပေါက်နေ ပွင့်နေတဲ့ ဘုန်းကြီးကျောင်းဝန်းတစ်ခုရောက်တော့ အားလုံးက ဓါတ်ပုံဆင်းရိုက်ကြတယ်။ ကျွန်တော်တို့က ပန်းနှမ်းတွေနဲ့ ရိုက်ချင်တာ။ ပွင့်ချိန်လွဲပြီး ရောက်သွားတော့ အဝါရောင်ပန်းလေးတွေနဲ့ပဲ ရိုက်ခဲ့ကြရတယ်။ အဲ့ဒီကနေ ဗျိုက်တောင် လို့ လူသိများတဲ့ နေရာကို ဓါတ်ပုံရိုက်ဖို့ သွားကြတယ်။ ဗျိုက်တောင် ဆိုပြီး ဖြစ်သွားတာက ဒီကျောက်တောင်က ကွေကာအုတ်ကြော်ငြာတစ်ခုအတွက် ကွယ်လွန်သွားပြီဖြစ်တဲ့ မင်းသား ဗျိုက် လာရောက်ရိုက်ကူးဖူးလို့ ဖြစ်ပါတယ်။ တော်တော်လေး လှတဲ့နေရာပါ။ အဲ့ချိန်သတိပြုမိတာက လမ်းမကြီးတစ်လျှောက်မှာ တိုင်းရင်းသားဝတ်စုံလေးတွေနဲ့ အထုတ်အပိုးတွေအပြည့် ကား၊ ထော်လာဂျီ၊ ဆိုင်ကယ် စတာတွေ ဟိုဒီ ကူးလူးသွားနေကြတာပါပဲ။ နောက်မှ ရှင်းပြလို့သိရတယ်။ ဒီနေ့က အောင်ပန်းဈေးနေ့တဲ့။


ရှမ်းပြည်နယ် အဝှမ်း၊ ရှမ်းပြည်နဲ့ ဆက်စပ်နေတဲ့ ကယားပြည် အဲ့ဒီကနေ ဒီဘက် မြန်မာနိုင်ငံအလယ် မြေလတ်ပိုင်းအထိ ဒီဓလေ့လေးက ရှိနေသေးတယ်။ ဈေးနေ့ဆိုတာ ဖွံ့ဖြိုးဖို့ အားယူဆဲ ဒီဘက်ဒေသတွေအတွက်တော့ တကယ့် ဈေးပွဲတော်ကြီးပါပဲ။ ဒီနယ်တစ်ဝိုက်မှာဆိုရင် အောင်ပန်း၊ ကလော၊ ပင်းတယ၊ ပင်လောင်း၊ ဟဲဟိုး တွေမှာ ဈေးနေ့တွေ ရှိတယ်။ ၅ ရက်တစ်ခါ ဈေးနေ့ပေါ့။ ဈေးနေ့တွေ ဖြစ်ပေါ်လာပုံနဲ့ ပတ်သက်ပြီး စပ်စုဖူးတယ်။ ဒီလို... အရင်က ရှမ်းပြည်မှာက စော်ဘွားတွေက ဘုရင်လို အုပ်ချုပ်တာမျိုးရှိတယ်လေ။ ရွာတွေကနေပြီး စော်ဘွားတွေဆီကို လက်ဆောင်ပဏ္ဍာဆက်ရတဲ့ နေ့ဆိုတာ သတ်သတ်မှတ်မှတ် ရှိခဲ့ဖူးတယ်။ ဒီတော့ နီးနားရွာတွေက ကိုယ့်စော်ဘွားဆီ လက်ဆောင်ဆက်ရင်း ရောက်လာတဲ့အခါ ကိုယ့်ဒေသထွက်၊ ကိုယ့်ယာထွက် စားစရာ နဲ့ အသုံးအဆောင်တွေကို ကိုယ့်ရွာမှာ မရှိသေးတဲ့ တခြားရွာက စားစရာ၊ အသုံးအဆောင်တွေနဲ့ လဲလှယ်ဖို့ ဈေးခင်းကြတယ်။ အဲ့ဒီအချိန်က ငွေကြေးထက် ပစ္စည်းလဲလှယ်ရုံသက်သက်ပဲ။ နောက်တော့ ဗမာပြည်လို့ ခေါ်ကြတဲ့ အညာဒေသက ဗမာလူမျိုးတွေပါ ဒီဘက်ဒေသကို လိုအပ်တဲ့ ပစ္စည်းတွေလဲလှယ်ဖို့ ရောက်လာကြရင်းနဲ့ ငွေကြေးကို ကြားခံသုံးစွဲလာခဲ့ကြတယ်ပေါ့။ နောက်တော့ စော်ဘွားခေတ် ကုန်သွားလည်း ဒီဓလေ့ကတော့ မပျောက်ပျက်ဘဲ ခုထိ ကျန်နေရင်း သက်ဆိုင်ရာဒေသတစ်ဝိုက်အတွက် ဈေးနေ့က အရမ်းအရေးကြီးတဲ့ ပျော်ရွှင်ရင်ခုန်စိတ်လှုပ်ရှားစရာ နေ့ဖြစ်လို့လာပါတော့တယ်။ ဈေးနေ့မှာ ပစ္စည်းစုံရတယ်။ တရုတ်ပစ္စည်းတွေ ပိုပေါတယ်။ ဈေးသက်သာတာကိုးနော်။ သုံးလို့ ပျက်ရင်လည်း ပြင်မနေဘူး အသစ်ဝယ်လိုက်ကြတယ်။ ခေတ်ပြောင်းလာတော့ ဈေးနေ့လေးကလည်း ပုံစံပြောင်းလာတယ်။ ရောင်းချတဲ့ အသုံးအဆောင်တွေလည်း ပြောင်းလဲလာတယ်ပေါ့။

ပြောချင်တာတွေ အရမ်းများတော့ ခုထိ တောလမ်းမလျှောက်နိုင်သေးဘူးရယ်။ စာဖတ်ရတာ များမှာစိုးလို့ ဒီနေရာလေးမှာ တစ်ပိုင်း ဖြတ်ခွင့်ပြုပါဦးနော်။


အားလုံးပဲ အစဉ်ဘေးကင်းလုံခြုံ ကျန်းမာပြည့်စုံ ပျော်ရွှင်စွာ ခရီသွားနိုင်ကြပါစေ။

သီဟလုလင် (Thiha, the Traveller)

80 views0 comments

Comentários


bottom of page