top of page

About

THIHA

IMG_7143.JPG
Name.png

Mingalarbar!

I'm Thiha from Myanmar who aspires to travel around the world and learn as much as possible. I share my travel stories here supported by beautiful photos, videos and more. I love travelling to enquire, to hear local stories, to enjoy the nature and of-cause to have fun.

Follow

THIHA

brush1.png
TikTokbrush.png
brush4.png
youtubebrush.png
Subscribe

နေ့စဉ် ပြည်တွင်းပြည်ပ ခရီးသွားသတင်းထူးများအပါအဝင် ခရီးစဉ်လည်ပတ်စရာများအကြောင်းတွေ နဲ့ ဒေသန္တရ ဗဟုသုတအစုံအလင် သိရှိနိုင်ဖို့ အပတ်စဉ်သတင်းလွှာ လေးကို ခုပဲ ရယူလိုက်ပါ။ စာရင်းသွင်းသူများအတွက် ကျွန်တော့်ရဲ့ ပထမဆုံး ပုံနှိပ်စာအုပ် "၁၇" ကဗျာနဲ့ဝတ္ထုတိုစာအုပ်ကို လက်ဆောင် ပေးပို့သွားမှာ ဖြစ်တဲ့အပြင် သတင်းလွှာကနေတဆင့် အခမဲ့ခရီးသွားခြင်းအစီအစဉ်တွေ၊ ခရီးသွားလက်ဆောင်တွေ စတဲ့ ထူးခြားအခွင့်အရေးတွေလည်း သိရှိနိုင်ဦးမှာပါ။

ခုပဲ အမည် နဲ့ အီးမေးလ်လိပ်စာထည့်ပြီး စာရင်းသွားလိုက်နိုင်ပါပြီ။

Thanks for submitting!

အင်းဝ က ရတနာဆီမီး ဘုရားစု

Writer's picture: Thiha Lu LinThiha Lu Lin

အင်းဝ ကို အလည်သွားရင် မဖြစ်မနေ အရောက်သွားဖူးလေ့ရှိကြတာကတော့ “ရတနာဆီမီး” ဘုရားစု ပဲ ဖြစ်ပါတယ်။ ပြိုကျပျက်စီးနေပေမဲ့ ရှိနေတဲ့အခြေအနေကို လှလှပပ ထိန်းသိမ်းထားမှုကြောင့် ဟင်းလင်းလဟာမှာ ဖူးမြင်ရတဲ့ ဗုဒ္ဓရုပ်ပွားတော် ရှိရာ ဂန္ဓကုဋိ ကြောင့် ပြည်တွင်းပြည်ပ ခရီးသွားတွေ ကြားမှာလည်း ရေပန်းစားသလို၊ ဓါတ်ပုံဝါသနာရှင်တွေကြားမှာလည်း အတော်စိတ်ဝင်စားစရာ ဖြစ်ကြရပါတယ်။ ကျွန်တော် ရောက်သွားတဲ့အချိန်တွေတုန်းကတော့ အလယ်က တိုင်တွေမှာ ထိုင်ခွင့်၊ ရပ်ခွင့်အတွက် သတိပေးစာကပ်ထားတာ မရှိသေးပေမဲ့ နောက်ပိုင်းမှာ ခရီးသွားတွေ အလယ်တိုင်တွေပေါ် တက်ထိုင်၊ တက်ပြီး မတ်တပ်ရပ် ဓါတ်ပုံရိုက်ကူးမှုများလာလို့ တက်ခွင့်မပြု စာတန်းတွေ ကပ်လိုက်တယ်လို့ သိရပါတယ်။



ရတနာဆီမီး ဘုရားရဲ့ ဗိသုကာ ဟာ အမရပူရခေတ် ရဲ့ လက်ရာဟန်ပန်တွေ ဖြစ်နေတယ်

ရတနာဆီမီး ဘုရားစု က ဘယ်မှာရှိလဲ?

မန္တလေး၊ တံတားဦး ထဲက အင်းဝမှာ ရှိတာပါ။ စည်တိုပုံမြို့ရိုး အနောက်ဘက် အပြင်စံရာ ကျေးရွာ ရဲ့ အနောက်ဘက်မှာ ရှိတယ်လို့ ပြောရပါမယ်။


ရတနာဆီမီး ဘုရား ဆိုတာ

ရတနာ ဆိုတာ မြင့်မြတ်ခြင်းလို့ ရည်ရွယ်ပြီး ဘုရား ကို ကိုယ်စားပြု ခိုင်းနှိုင်းထားတာ ဖြစ်ပါတယ်။ ဆီမီး ကတော့ အလင်းရောင်ပေးစွမ်းခြင်း လို့ ရည်ရွယ်ပြီး ဉာဏ်အလင်း ကို ခိုင်းနှိုင်းပြထားခြင်း ဖြစ်တယ်။ ရတနာဆီမီး လို့ဆိုရင် မြတ်စွာဘုရားသခင် ရဲ့ သဗ္ဗညုတဉာဏ်တော် ကို ရည်ညွှန်းပြီး အမည်နာမ ပေးထားခဲ့လေတယ်လို့ မှတ်သားရပါတယ်။ “ရတနာဆမီ” ဘုရား လို့လည်း ခေါ်ခဲ့ကြပါသေးတယ်။ မူလ ဒါယိကာကတော့ အမတ်ကြီး သီရိဇေယျကျော်ထင် ဖြစ်မယ်လို့ ယူဆထားပါတယ်။


ဘုရားသမိုင်းအကျဉ်း

ကျွန်တော်တို့နိုင်ငံ ရဲ့ ဘုရင်ခေတ်ကို ခေတ်ကြီး (၆) ခေတ်ဆိုပြီး ခွဲခြမ်းလေ့လာနိုင်ပါတယ်။ ပုဂံခေတ်၊ ပင်းယခေတ်၊ အင်းဝခေတ်၊ တောင်ငူခေတ်၊ ညောင်ရမ်းခေတ် နဲ့ ကုန်းဘောင်ခေတ် တို့ပဲ ဖြစ်ပါတယ်။ အင်းဝခေတ် ဟာ နှစ်ပေါင်း ၄၀၀ ကျော် ကြာမြင့်ခဲ့ပြီး ဒီကာလကိုပဲ (၄) ပိုင်း ထပ်ခွဲကြည့်နိုင်ပါတယ်။ ပထမအင်းဝ၊ ဒုတိယအင်းဝ (ညောင်ရမ်းခေတ်)၊ တတိယအင်းဝ (ကုန်းဘောင်ခေတ်) နဲ့ စတုတ္ထအင်းဝ (ဘကြီးတော် စစ်ကိုင်းမင်းလက်ထက်) လို့ သိရပါတယ်။ ခေတ်အဆက်ဆက် ဘုရင်တွေဟာ ရည်ရွယ်ချက်အမျိုးမျိုးနဲ့ ဘုရား ကျောင်း ကန် စေတီပုထိုး များစွာကို တည်ဆောက်လှူဒါန်းခဲ့ကြပါတယ်။ အင်းဝဘုရင်တွေလည်း ဒီအစဉ်အလာရှိခဲ့ပြီး စနေမင်း ဟာ ဆိုရင် အင်းဝ တခွင်က မာရ်အောင် အမည်ပါ စေတီတွေကို တည်ထားသူအဖြစ် ထင်ရှားပါတယ်။ စနေမင်း ရဲ့ သားတော် တနင်္ဂနွေမင်း ဘုရင်ဖြစ်လာချိန်မှာလည်း မျိုးရိုးအစဉ်အလာအတိုင်း ဆက်လက် တည်ဆောက်လှူဒါန်းမှုတွေကို ပြုပါတယ်။ ဒီ ရတနာဆီမီး ဘုရား နားမှာတင် မှန်စီကျောင်း နဲ့ မှန်စီဘုရားတွေကို AD 1717 မှာ တည်ထားခဲ့သေးတယ်လို့ ဦးကုလားရာဇဝင် မှာ ဆိုထားပါတယ်။ သို့ပေမဲ့ ရတနာဆီမီး ဘုရား နဲ့ ပတ်သက်တဲ့ အချက်အလက်ကို တိတိကျကျ ရေးထားတာမျိုး မတွေ့ရတာကြောင့် မူလအလှူရှင်ဟာ ခန့်မှန်းယူဆရတဲ့အဆင့်ပဲ ဖြစ်နေပါတယ်။ တနင်္ဂနွေမင်းလက်ထက်မှာ ရတနာဆီမီး ဘုရား နားက မှန်စီကျောင်းကို ဒီကျောင်းရဲ့ ကျောင်းထိုင်ဆရာတော် ဂုဏဝိန္ဒရာဇဂုရု အတွက် ရွှေလွှတ်တော်အမတ် သီရိဇေယျကျော်ထင် က စီရင်ပေးခဲ့တယ်လို့ ယူဆရလို့ ဒီ ရတနာဆီမီး ဘုရား ရဲ့ အလှူရှင်ဟာလည်း ဒီအမတ်သာ ဖြစ်မယ်လို့ ယူဆချက် ရှိခဲ့တာပါ။ AD ၁၇၇၈ စဉ့်ကူးမင်း လက်ထက်မှာ ရတနာဆီမီး အပါအဝင် မဟာမြတ်မုနိ၊ ဂူတော်သစ်၊ စည်းခုံ၊ ရွှေစာရံ၊ မွေအံတော် နဲ့ လောကသရဖူ စေတီတွေကို ပြုပြင်ခဲ့သေးတယ်လို့ သိရပါတယ်။ ဒီ့နောက် စစ်ကိုင်းမင်း (ဘကြီးတော်မင်း) လက်ထက်မှာ တစ်ကြိမ် သဲအင်းသာသနာပိုင် ဆရာတော်တွေက ပြန်လည်ပြုပြင်မွမ်းမံခဲ့ကြပါတယ်။


အမရပူရခေတ် လက်ရာ နဲ့ အင်းဝ က ရတနာဆီမီး

အင်းဝ မှာ တည်ရှိတဲ့ ရတနာဆီမီး ဘုရားရဲ့ ဗိသုကာ ဟာ အမရပူရခေတ် ရဲ့ လက်ရာဟန်ပန်တွေ ဖြစ်နေတယ်လို့ သိရပါတယ်။ ရတနာဆီမီး ဘုရားစု အတွင်းမှာ အခုချိန် သွားလေ့လာဖူးမြော်ရင် တံတိုင်းဝန်းတစ်ခုတည်း စုစည်းတည်ရှိနေတဲ့ စေတီ (၆) ဆူ၊ အုတ်ပြဿဒ် (၁) ခု၊ ဂန္ဓကုဋိတိုက် (၃) တိုက် ကို လေ့လာတွေ့ရှိကြရမှာ ဖြစ်ပါတယ်။ ရတနာဆီမီးဘုရားကတော့ ဘုရားအမှတ် (၃၇၀) ပါ။ စေတီအမျိုးအစား ဖြစ်ပြီး ဉာဏ်တော် က (၃၅) ပေ ရှိပါတယ်။ စေတီနဲ့တွဲလျက် ဉာဏ်တော် ၇ ပေ ၁၀ လက်မရှိတဲ့ ထိုင်တော်မူ ဘူမိဖဿမုဒြာဟန် ဗုဒ္ဓရုပ်ပွားတော် တစ်ဆူ ကိန်းဝပ်စံပါယ်တာကို ဖူးမြင်ရပါမယ်။


ကျွန်တော် သဘောအကျဆုံးက ဂန္ဓကုဋိ ပါ။ ဂန္ဓကုဋိတိုက်မ ရဲ့ ဘေးဘက်နံရံ (၃) ခု ပဲ အခုအချိန်မှာ ကျန်ရစ်တော့တာဖြစ်ပြီး တောင်ဘက်နံရံ နဲ့ အမိုးပေါင်းကူး တို့က ပြိုကျပျက်စီးသွားပြီ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီအနေအထားလေး ဟာ လာရောက်ဖူးမြော်သူတွေကို အတော်ဆွဲဆောင်မှုပေးပါတယ်။ အချင်း (၅) ပေ ရှိတဲ့ အုတ်တိုင်လုံး (၅) တိုင်ကို မြင်တွေ့ကြရပြီး မူလက (၆) တိုင် ရှိတာဖြစ်ပါတယ်။ တစ်တိုင်ကတော့ တိုင်ခြေသာ ကျန်ပါတော့တယ်။ တိုင်ထိပ်တွေမှာ မူလလက်ရာ အင်္ဂတေကြာပန်း တွေကို မြင်တွေ့လေ့လာကြရပါမယ်။ အလယ်မှာ အရင်က သစ်သားကြမ်းခင်းဖြစ်မလား တွေးမိပါတယ်။ အခုတော့ ဟောင်းလောင်း ဖြစ်နေပြီး အုတ်တိုင်တွေသာ တွေ့မြင်ကြရပါတယ်။ တိုက်မ ရဲ့ ပြိုကျခဲ့တဲ့ တောင်ဘက်နံရံ ကို ကျောပေးလို့ အလယ်ပလ္လင်တော်မှာ ဘူမိဖဿမုဒြာဟန် နဲ့ ထိုင်တော်မူ ဗုဒ္ဓရုပ်ပွားတော် တစ်ဆူ တည်ရှိပြီး ရုပ်ပွားတော်ကို ဘေး ညာ နဲ့ ဘယ်မှာ အဂ္ဂသာဝကလန်မထေရ်မြတ် အုတ်ရုပ်ပွားတော် နှစ်ဆူ က ခြံရံလျက် ရှိတာကို ဖူးမြင်ကြရမှာပါ။ ဒါကတော့ လောကီအစီအမံ နဲ့ တည်ဆောက်ထားတယ်လို့ ယူဆထားပါတယ်။ ဆိုလိုတာက အဲ့ဒီခေတ်က လောကီရေးမှာ အောင်မြင်ထွန်းပေါက်ဖို့အတွက် ဗုဒ္ဓဘာသာဝင်တွေ ခုလို အစီအမံတွေ လုပ်ဆောင်လေ့ရှိတယ်လို့ ဆိုပါတယ်။ အခု ဒီနေရာမှာဆိုလည်း ဘုရားအဖြစ်ရောက်တော်မူခန်းကို ရည်ရွယ်ထုဆစ်ခဲ့တာ ဖြစ်ပြီး ဘုရားရှင်လက်ထက် က ဧတဂ်ရတော်မူခဲ့ကြတဲ့ အသီတိရဟန္တာ ရှစ်ကျိပ် ထဲကမှ မြတ်စွာဘုရား အထူးအားထားရတဲ့ ရဟန္တာအရှင်မြတ်နှစ်ပါး ရဲ့ ရုပ်ပွားတော်တွေကို ထုဆစ်ထားတာ ဖြစ်လို့ လောကီအစီအမံ ဖြစ်တယ်လို့ သမိုင်းသုတေသီတွေက ယူဆမှတ်တမ်းတင်ထားကြပါတယ်။


အင်းဝ ရောက်ရင် လည်ပတ်စရာနေရာများစွာ တစ်နေ့တည်းနဲ့ မကုန်နိုင်အောင်ကို လည်ပတ်နိုင်ပါတယ်။ ဒါပေမဲ့ အခုလို သမိုင်းအချက်အလက်နဲ့ သေချာ သိမှတ်ပြီး လည်ပတ်ရင် အချိန်က ပိုပေးရမှာ ဖြစ်ပေမဲ့ ပိုပြီး စိတ်ဝင်စားစရာ ဖြစ်ပါတယ်။ လောကီအစီအမံကြောင့်ပဲ တည်တည်၊ သံသရာအကျိုးအတွက်ပဲ တည်တည် ခုချိန်မှာတော့ အင်းဝ က ရတနာဆီမီး ဘုရားစု ဟာ ကျွန်တော်တို့ အတွက် လေ့လာမကုန်နိုင်တဲ့ သမိုင်း၊ ဗိသုကာ နဲ့ ယဉ်ကျေးမှုဓလေ့ တွေကို ပြသပေးနေပြီဖြစ်ပါတယ်။ ဒါကြောင့် ဗဟုသုတအနေနဲ့ရော၊ အင်းဝရောက်ရင် လည်ပတ်တဲ့အခါ ပိုပြီး ထိထိရောက်ရောက်ဖြစ်စေချင်တဲ့အတွက်ရော ရှာဖွေစုဆောင်း တင်ပြလိုက်ရပါတယ်ခင်ဗျ။


အင်းဝ နဲ့ ပတ်သက်ပြီး ကျွန်တော် ရေးထားဖူးတာတွေကို မသိဘဲ၊ ဟိုနေရာ အကြောင်းမပါဘူးလား၊ ဒီနေရာ မပါဘူးလား အငြင်းပွား အကုသိုလ် မများရလေအောင် ကျွန်တော် ရှေ့မှာ ရေးထားပြီးသားတွေကို အောက်မှာ ဖော်ပြပေးထားပါတယ်ဗျား။


အားလုံးပဲ အစဉ်ဘေးကင်းလုံခြုံ ကျန်းမာပြည့်စုံ ပျော်ရွှင်စွာ ခရီးသွားနိုင်ကြပါစေ။

သီဟလုလင် (Thiha, the Traveller)


ယခု ခရီးသွားဆောင်းပါးအား Share လုပ်နိုင်ပါသည်။ ကျွန်တော်၏ တိုက်ရိုက် ခွင့်ပြုချက်မရှိဘဲ၊ ဤဆောင်းပါးစာ နဲ့ ဓါတ်ပုံများကို မိမိ အကောင့်မှာဖြစ်စေ၊ ပေ့ချ်တစ်ခုခုမှာဖြစ်စေ၊ Website နဲ့ အခြားမီဒီယာတစ်ခုခုမှာဖြစ်စေ ပြန်လည် ကူးယူဖော်ပြခြင်းများ မပြုပါရန် မေတ္တာရပ်ခံပါတယ်။ ပြန်လည် ကူးယူဖော်ပြခြင်းများကိုတော့ လုံးဝ ခွင့်မပြုပါ။


Photo :: Thiha Lu Lin, Thiha

Camera :: SONY Alpha 7II with 16 - 35mm Lens

Photos are modified in Lightroom by Thiha Lu Lin.

1 Kommentar


Gast
23. Juli 2021

သမိုင်း သိရ။ကောင်းလိုက်တဲ့အင်းဝဓာတ်ပုံတွေ

Gefällt mir
Thiha, the traveller logo

Thiha, The Traveller

Travel & Lifestyle Blog

  • Facebook
  • Instagram
  • YouTube
  • TikTok
  • Twitter
  • Spotify
  • Pinterest
  • RSS

TIPS & INSPIRATION

Get Inspired! Receive travel discounts, the secrets and tips that you need to get to know the most impressive places in the world.

သတင်းလွှာ ရယူဖို့ ဖောင်ဖြည့်နိုင်ပါတယ်။ ပြည်တွင်းပြည်ပ ခရီးစဉ်များ နေ့စဉ်တင်ဆက်မှုအသစ်တွေ အပါအဝင် ကံစမ်းမဲလက်ဆောင်များ၊ ခရီးစဉ်လျှော့ဈေးများ စတဲ့ စတဲ့ အခွင့်အရေးများစွာကို ရယူခံစားနိုင်မှာ ဖြစ်ပါတယ်ခင်ဗျာ။

Copyright © 2024 Idea Landmark Myanmar | Thiha, the Traveller - All Right Reserved.

I may earn commission (at no extra cost to you) from some affiliate links if you choose to purchase through them. (Learn more)

bottom of page